နေသားတကျ ပြန်ထားဖို့ စိတ်အကြေအမွတွေကို တစ်စ စီဆက်တယ်
လက်တွေကပဲ ရှတသွေးယို
ငါ့အားထုတ်မှုတိုင်းက အပို...။
ငါလိုအပ်နေတယ်
ငါလိုအပ်နေတယ်
ငါညံ့ဖျင်းနေတယ်
ငါ့ညံ့ဖျင်းနေတယ်
ငါကျရှုံးမှာပါ
ငါကျရှုံးမှာပါ
ငါဘာမှမသိဘူး
ငါဘာမှမသိဘူး
ဟုတ်ပါ့
သူပြောသလိုပဲ
ငါဘာမှနားမလည်ပါဘူး
ကကြီးပြီးရင် ခခွေး
ထမင်းစားပြီးရေသောက်
ဖြစ်ချင်တာမဖြစ်ရင်စိတ်ကောက်တဲ့ လူ့ငနွားမလေးပေါ့။
သွေးကတော့တောင်းတယ်
အမှောင်ကိုချစ်တယ်
အခန်းကျဉ်းကိုချစ်တယ်
ကိုယ့်ဒူးနှစ်လုံးကို ကိုယ်ပြန်ပိုက်နေရတာလောက်နဲ့ အားကို ပြန်မွေးတတ်လာတယ်။
ခေါင်းငိုက်စိုက်ချမယ်
သက်ပြင်းတွေရှိုက်မယ်
အနားကိုလူတွေလာရင်မကြိုက်ဘူး
အဲ
အနားကိုလူတွေ မလာရင်လဲ မကြိုက်ပြန်ဘူး
ရယ်ချင်သယောင် ဟန်ဆောင်
ချောင်တစ်ချောင်ကျမှ ငိုငိုချ
ဩော်...
ဝဋ်ကြွေးက ပြဇာတ်ဆန်တယ်..။
ကြံကြံဖန်ဖန်တွေးကြောက်
ကျွန်မက စိတ်နောက်နေသူပါ..။
ခုရယ် ခုပြုံး
ခုငို ခုပြို
ခုချစ်ခုမုန်း
စိတ်ခံစားချက်ကို လက်တစ်လုံးပဲခြားထားတယ်
ကဲ
သနားကြပါ..။

အိပ်မက်ဆိုးထဲမှာတောင် အိပ်မက်ဆိုးမက်တယ် လို့ ၀င်မက်နေတယ်..။
ရော ခက်ပြီ...

ခေါင်မိုးပေါ်ကို မိုးစက်ကျသံကြားတိုင်း
မြင်းတစ်ကောင်လိုလဲ ဒုန်းစိုင်းထွက်ပြေးချင်သေးတယ်..။

ကြည့်လိုက်ကြပါဗျာ
ကျွန်မရေးနေတဲ့ ကဗျာ
ကဗျာက ကဗျာမမည်
အနာတွေနဲ့ ဖွဲ့တည်လို့
ရောက်တတ်ရာရာ
ကစဉ့်ကလျား...
ကဲ အားလဲနာတယ်
ဒီမှာတင် ..ရပ်
တစ်ခုတော့ မှတ်ပေးကြပါ..
အရူးတစ်ယောက်ရဲ့ ဈာပနမှာ အားလုံးကိုမြင်ချင်လိုက်တာ.......






ဟန်နီ
တစ်ဘ၀လုံးလို့ပြောဖူးသလိုလိုပဲ
ဟန်နီ
အရုဏ်တက်တိုင်းကို ငါအရင်လို မကြိုဆိုတတ်ခဲ့
ဟန်နီ
ကြင်နာတာတွေ ခပ်ဝေးဝေးမှာ
နာကျင်တာတွေ နီးနီးလာတယ်
ဟန်နီ
ကျွန်မ လက်တွေ မြှောက်ပြလိုက်တိုင်းမှာ
အဓိပ္ပါယ် နှစ်မျိုးကတွဲကပ်ပါခဲ့
လာပါလို့လဲ ခေါ်ချင်တယ်
ပြန်ပါလို့လဲ ပြောချင်တယ်
ဟန်နီ
မုန်တိုင်းစဲချိန်ရောက်လာပေမယ့်မုန်တိုင်းကျချိန်ကဒဏ်ကြောင့်
ငါနေရောင်ကိုစွန့်ရလိမ့်မယ်..။
ဟန်နီရေ..................
ခပ်ကျယ်ကျယ်အော်မယ်ပြင်ကာမှ
အသံတွေက တိုးတိတ်
ကျွန်မတစ်ဘ၀လုံး
ပျော်ရွှင်ခြင်းက ထာဝရအိပ်စက်သွားတော့မယ်....



တစ်ခုခု ဖြစ်နေပြီလို့ သိလိုက်တဲ့အချိန်မှာ
တစ်ခုခုက ထပ်ပျက်ပေါ့..
မနေ့က မနက် အိပ်ရာထတဲ့ အထိတော့ အားလုံးက အကောင်း
မက်နေကျ အိပ်မက်ကလဲ မဟောင်းသေးဘူး။


ကံဆိုးကံကောင်း နဲ့ တစ်ချပ်မှောက်ခဲ့တာ မဟုတ်တော့
ရှုံးထွက်ပွဲပေမယ့်
ရုန်းထွက်ဖို့က ချီတုံချတုံ
မာန်ဟုန်ပြင်းပြင်းနဲ့
မျှော်လင့်ခြင်းတွေပြည့်မီဖို့ ပြန်ဆက်
ချစ်သက်လက်ဆောင်ကိုတောင်ထုပ်ပိုးလို့..။

ဒီလိုပါပဲ ..ဘ၀သံသရာရယ်
အချစ်ကို ၀ဋ်နာကံနာ လို့ ငါ(ခုထိတော့)တစ်ခါမှမသတ်မှတ်သေးပါဘူး..။
ဘယ်သူမပြု မိမိမှုပေါ့
ဒုတိယံပ္ပိကြေကွဲနေ့ညတွေကတော့
လမ်းဘေးမီးပွိုင့်တွေလို စိမ်းရာက ၀ါ
နောက်ဆုံးတောီ့ သွားတော့မှာပါ။

လမ်းဆုံးကို ငါသိတယ်
ကျေးဇူးပြုပြီး လမ်းထပ်မပြကြပါနဲ့..

ရယ်သံတွေတိတ်တိတ်လာတဲ့ ငါ့ရင်ကွဲနေ့တွေမှာ
ငါ့ဖာသာငါပဲ တစ္ဆေလုပ်ပြန်ချောက်မယ်..။
ချစ်နေဆဲပဲ လို့တော့ ပြော ပြောပြီး မနောက်ပါနဲ့ဟယ်။

အမှတ်တရ ကို တဆိတ် Sign out လုပ်ပေးပါ
အတိတ် ဆိုတာ သေဆေးလား..။
ဒီလိုနဲ့
အဖြေပေးမခံရတဲ့ ပုစ္ဆာတွေကတော့ ခုထက်ထိ ငုတ်တုတ်..။
တစ်ခါတစ်လေတော့
အမှတ်အတေးတွေနဲ့ လာလာ လှုပ်တယ်..။
ပေးဖူးတဲ့နားလည်မှုတွေ အရင်းပြုတ်..
ငါကိုယ်တိုင်ဆုပ်မိခဲ့တဲ့ ဆူး.......
မစားပါဘူး..
ရူးမယ်ဆိုတာ သိတယ်..
ရူးမယ်ဆိုတာပဲ ကြိုသိလိုက်တော့တယ်..။
ရူးလိမ့်မယ်လို့ ကြို သိထားလိုက်ပါတော့ တယ်။