လိုက်ကာစကိုဖယ်လိုက်ရင် မှန်နံရံ၏ ဟိုမှာဖက်မှာ အလင်းရောင်ကို မြင်ရမည်.။
ဒီအလင်းရောင်ကို ငါပိုင်သလား။
ဒီအလင်းရောင်ကို ငါမပိုင်သေးပါဘူး။
တယ်လီဖုန်းမြည်သံကို မျှော်နေမိသည်။
မင်းက မ.... ..... ..... ဆိုတာလား ဟု မေးမည့် တရုတ်သံဝဲ၀ဲများ။
ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာ ကို အင်တာဗျူးအတွက် မင်းလာနိုင်မလား ဆိုသည့်မေးခွန်းမျိုး။

မွေ့ယာပေါ်မှာ မျက်နှာအပ်ထားလိုက်တော့ နောက်ထပ် မျက်နှာတစ်ချို့ကို မြင်ယောင်မိသည်။
မြင်ယောင်မိသည်။မြင်ယောင်မိရာမှ ကြားယောင်မိလာသည်။

မမကြီး....အဆင်မပြေဘူးလား.
သမီး...အဆင်ပြေရဲ့လား..။
အဲဒါ အတွေ့အကြုံ ပဲလေ...။

ငါအစောကြီးကတည်းက တစ်နေ့ဒါမျိုးကြုံမယ် ဆိုတာ သိနေသားပဲ ..ဟင်း ဟင်း ဟင်း
(ခပ်အုပ်အုပ်လှောင်သံတစ်ခု)

ဩော် သမီးရယ် ဖြစ်ရလေ...။
ပြန်လာလိုက်ပေါ့ အစ်မရယ် ..။

မပြန်ရပါဘူး ... ငါနင်နဲ့မခွဲနိုင်ဘူိးု
အသံတွေ ..........................။

ပြူတင်းပေါက်အပြင်မှာ မိုးတွေရွာကျလာတာကိုတွေ့ရပြန်သည်။ မိုးက သည်းကြီးမည်းကြီး ရွာကောင်းနေသည်။

You should find another job.
Why?Why u didnt tell me early this your company's critical situation?

ဖြေစရာ စကားမရှိသော အူကြောင်ကြောင် မျက်နှာပေးတစ်ခုကို မြန်မာကြိုက်ဒရမ်မာကားတွေ အများဆုံးထွက်သောတိုင်းပြည်က လာသော ဒီလူကြီး မျက်နှာပေါ်မှာ
ပူပန်သောကတွေ ၊အလောတကြီးနိုင်မှုတွေ ၊ စိတ်ဆုံးဖြတ်ချက်ေ၀၀ါးမှုတွေ အထင်းသားဖြင့်တွေ့ခဲ့ရသည်။
တပ်ပျက်ကာနီးမှာ ဗိုလ်လာလုပ်ခိုင်းသူ နဲ့ လာတွေ့နေပါလား။


မိုးက ၀ုန်းဒုန်းကြဲရွာနေပြီ။

နောက်ဆုံးတော့ You can do as you like နဲ့ အပြီးသတ်လိုက်ရသည့်ပွဲ။

သက်ပြင်းကိုချပြီး သတင်းစာကို ကိုင်လိုက်တော့ တစ်ချို့နေရာများတွင် အပေါက်အပြဲများ၊မင်နီများ၊အ၀ိုင်းများ၊အတွန့်အကွေးများ၊ နောက်ဟိုက်လိုက်ရောင်စုံစွာ ချယ်သထားသော စနေနေ့နေ့စွဲဖြင့် သတင်းစာဖြစ်နေသည်ကို တွေ့ရသည်။
မောလိုက်တာ။စိတ်တွေမလျှော့လိုက်နဲ့။ သိန်းလေးဆယ် ။ တစ်လ လေးသိန်း။ စားစရိတ် နှစ်သိန်း ။ ဖဲ့ဆပ်တာက တစ်သိန်း၊တစ်လ (၇) သိန်း နင်မြန်မာပြည်မှာ ရှာနိုင်ရင်တော့ တစ်မျိုးပေါ့။
ညီမလေး ရှိတယ်။မောင်လေးကျောင်းတက်နေတယ်။မေမေ အားလျော့သွားမယ်။ မပြန်ရစေနဲ့။

နောက်ရုတ်တရက် စိတ်က ဘုရားစင်ဆီရောက်သွားသည်။ ပရိတ်ရွတ်မယ်။အနည်းဆုံး စိတ်ကြည်တာပေါ့။
ကဲ ရေအရင်ချိုး၊သနပ်ခါးလိမ်း၊ လုံခြုံ သိမ်မွေ့ စိတ်အေးချမ်းမယ့် အင်္ကျီမျိုးကိုရွေးဝတ်၊
ပြီးတော့ နတ်တွေပင့်၊ ပရိတ်ရွတ်၊ ပဌာန်းရွတ်၊ ပထ၀ီဇေယျမန္တန်ရွတ်ရင် လာဘ်ရွှင်တယ် ဘုန်းကံကောင်းတယ် လို့ မေမေကပြောဖူးတယ် ...ရွတ်။

သစ္စာဆိုလိုက်စမ်းပါ။နင်က ငယ်ငယ်ကတည်းက အိမ်အတွက်ဆို ဘယ်တုန်းကမှ လစ်လျူမရှုပဲ တတ်နိုင်သရွေ့ လုပ်ပေးခဲ့သူပါလို့..။
ဒီတစ်ခါ နင်နဲ့ သင့်တော်အပ်စပ်ပြီး အိမ်ကိုထိထိရောက်ရောက်ပံ့ပိုးနိုင်မယ့် အလုပ်ကောင်းတစ်ခု ရပါစေလို့..။
အဲလိုဆုတောင်းတိုင်း ကွမ်ရင်မယ်တော် ကို ငွေတစ်ရာ လှူဖို့ကျန်သေးတာကို သတိပြေးရနေကျ.။
(ရုတ်တရက်ပြုံးမိသေးသည်။ )
စင်ကာပူကျွန်းစောင့်နတ်မင်းကြီး၊စင်ကာပူမြို့စောင့်နတ်မင်းကြီး၊MOM ရုံးမှ ရုံးစောင့်နတ်မင်းကြီး၊MOM Officer များ၏ ကိုယ်စောင့်နတ်မင်းများ၊ICA ရုံးစောင့်နတ်မင်းကြီး၊ICA Officer များ၏ကိုယ်စောင့်နတ်မင်းများ၊ကုပ္မဏီစောင့်နတ်မင်းကြီး၊
ကုပ္မဏီဝန်ထမ်းများ၏ကိုယ်စောင့်နတ်များ၊အိမ်စောင့်နတ် ..၊ကိုယ်စောင့်နတ်၊ ဆရာသခင်များ အားလုံးကို မေတ္တာပို့ အမျှဝေရသေးသည်.။
တစ်ချို့ ကြားရင်ရယ်ဦးမည်။မရယ်နိုင်သေးသူကတော့ တကယ့်အားကိုးရာတွေအဖြစ်စိတ်ထဲမှာ စွဲကာတိုင်တည်နေရသည်။

မိုးတွေတိတ်သွားပြီ။မိုးချုန်းသံတွေ ရပ်သွားသည်။

စိတ်တွေကို ငြိမ်အောင်ထား။ငြိမ်သွားပြီဆို ရှေ့ဆက်ဘာတွေကြုံကြုံ မမှုနိုင်ဖို့ ဟိုးအရင်က ကိုယ့်စိတ်ကို ရအောင် ပြန်ခေါ်.။

ရုတ်တရက်
Inbox ထဲကို အီးမေးလ်တစ်စောင်ဝင်လာတာမြင်လိုက်သည်။....Construction Pte Ltd ဆိုတဲ့ စာလေးကို မြင်လိုက်ရသည်။
ထို့နောက် မြေပုံတစ်ခုက Attachment အနေနှင့်ပါလာသည်။ ဆိုက်ရုံးခန်းဖြစ်နိုင်သည်။


မိုးရွာတုန်းက မှောင်နေသောအလင်းက အခန်းထဲကို ၀င်လာချင်နေပြီထင်သည်။ခန်းဆီးက ခံနေသောကြောင့် မျှော်လင့်သလောက်မလင်းသေးပါ။
မေးလ်ကို ဖွင့်ဖတ်သောအခါ....
Hi Ms .......
We would like to invite you for an interview at 4:30pm tomorrow, 11 Feb 2010. Please see the attached location plan of our site office.
Please let us know if you are unable to fit the schedule.
Regards,
............
91769764
..........................Construction Pte Ltd.
လိုက်ကာစကို ဆွဲဖယ်လိုက်တော့ အလင်းရောင်က လင်းကနဲ ထင်းကနဲ ၀င်လာသည်။
ပြူတင်းပေါက် မှန်များကိုထပ်ဖွင့်လိုက်တော့ လေနုအေးတောင် အပိုဆုအနေနှင့်ရလိုက်သေးသည်။

ငါ ပြူတင်းတံခါးရှိနေတာကိုမေ့နေတာလား
ဒါမှမဟုတ် လေတွေတအားထန်နေလို့ ခုန မဖွင့်မိတာလား


တကယ်တော့ ငါတို့ဘ၀တွေမှာ မှန်လိုအယောင်ဆောင်နေတဲ့ တံခါးတွေရှိသလို..
တံခါးလိုအယောင်ဆောင်နေတဲ့ မှန်တွေလဲ ရှိတယ်လေ..။

တစ်ခါတစ်လေ ပိတ်ထားရမယ်..
တစ်ခါတစ်လေ ဖွင့်ပေးရမယ်..

ဒါပေမယ့် အချိန်အခါနဲ့အခြေအနေကို သိဖို့လိုတယ်..။
နောက် စောင့်ရမယ်..။
ဟုတ်တယ် စောင့်ရမယ်...။

မနက်ဖန်မနက်ဆို အိမ်အပြင်ဖက်မှာ နေရောင်တွေဖြာနေကောင်းရဲ့..။
ဒီတစ်ခါတော့ အင်တာဗျူးကတည်းက လူကြီးမင်းကုပ္မဏီက နောက်တစ်လကြာရင် ပျက်မှာလားဟင် လို့မေးသင့်တယ်ထင်ရင်လဲ မေးကြည့်ရမှာပဲလေ..။

10 ယောက်ကဒီလိုဒီလိုပြောကြတယ်:

အိုင်လွယ်ပန် said...

နာကျင်မှုကို နာကျင်ခံစားရသူထက်
ဘယ်သူကများသေသေချာချာ ပိုသိနိုင်ပါသလဲ ..။
အပူတွေဟပ်နေတဲ့ ဒေသမှာ
အားပေးစကားတွေဟာ နားဝင်ချို အမြင်လှစေရုံထက် ပိုပြီး
စကားရာ မဝင်နိုင်တော့တာ ကြာခဲ့ပေါ့ ..။
ဆိုပေမယ့်လည်း
အားပေးစကား ပြောတတ်တဲ့ အကျင့်ကို
လူသားတွေ ဆုမတောင်းပဲရခဲ့ လေတယ် ..။
ဆိုတော့ကာ
အားတင်းထားပါ ..။
အကယ်လို့များ ဘဝတစ်လျှောက်လုံး အဆင်ပြေ နေတဲ့
လူသားတစ်ယောက်ဆိုရင်တောင် ကြာလာရင်
အဲဒီအဆင်ပြေ နေတာဟာ သူ့အတွက် ငြီးငွေ့ စရာ
ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ..။
အဲဒီအခါ အပျင်းပြေ အဆင်မပြေစရာလေး တွေကို
သူမျှော်မိမှာ မုချပါ ..။
အခု အဆင်မပြေမှု ကို
အဆင်ပြေနေတဲ့ လူသားတစ်ရောက်ရဲ့
အပျင်းပြေ အချိန်အခါလို့ သတ်မှတ်ကြည့်ပါ ..။
ဘဝမှာ ..။
အဆင် မပြေတာကြီးပဲ ကြုံရမယ်လို့လည်း
အာမခံချက် တစ်လုံးတစ်ပါဒမှ မရှိဘူးထင်ရဲ့ ..။
ကောင်းသောနေ့ပါဟာ ..။

သက်ပိုင်သူ said...

စာအရေးအသား အနေနဲ့ ဖတ်သွားတယ်.. အရမ်းကောင်းတယ်

Pwint Myue Zin said...

ညီမလေးရေ.. ကိုယ်တွေ့ခံစားဖူခဲ့တာမို့ ကိုယ်ချင်းစာပါတယ်.. မောခဲ့ရသမျှ မြန်မြန်ပြေပါစေနော်

ဆောင်းနှင်းရွက် said...

မ ရေ ...
အဆင်ပြေပါစေ ..

တစ်ခါတစ်လေမှ
တစ်ချို့ ကိစ္စ တွေက
တကယ် စိတ်မော ရတယ် ... >>

တောင်ပေါ်သား said...

ဖတ်ပြီး ဘာပြောပေးရမှန်းမသိအောင် ခံစားရပါတယ် အစစအရာအရာ အဆင်ပြေ ချောမွေ့နေပါစေ မိသားစုကို သိတတ်တဲ့ သမီးလိမ္မာလေး အကောင်းတွေပဲ ရောက်လာမှာပါ အဓိက စိတ်ဓါတ်မကျနဲ့ ဇွဲမလျှော့လိုက်ပါနဲ့ ဘ၀မှာ အရာရာဟာ မချောမွေ့တတ်ပါဘူး တကြိမ်မဟုတ် တကြိမ် ကျနော်တို့ ဒါတွေကို ရင်ဆိုင်ခဲ့ကြရမှာပါပဲ အကောင်းဆုံး ဖြတ်သန်းနိုင်ပါစေ


လေးစားလျက်
တောင်ပေါ်သား

GreenGirl said...

အရေးအသား သက်သက်ဖတ်ရင်လည်း စိတ်ထဲရောက်တဲ့ စာတစ်ပုဒ်ပါ။
တကယ့်အတွေ့အကြုံနဲ့ပြောရရင်လည်း ထပ်တူထပ်မျှ ခံစားခဲ့ရဖူးလို့ ကိုယ်ချင်းစာပါတယ် သူငယ်ချင်းရယ်။ အဆင်ပြေပါစေလို့ ဆုတောင်းပါတယ်။ အားတင်းထားနော် စိတ်မလျှော့နဲ့

kaungkinpyar said...

အဆင် ပြေပါစေ...

စည်သူ said...

အဆင်ပြေပါစေဗျာ
ဆုတောင်းပေးပါတယ်..

စေတနာကောင်းရင်
ကံကောင်းပါတယ်နော်..

အမြန်ဆုံးအဆင်ပြေမှာပါ
အတွေးလေးတွေ နဲနဲလေးလျှော့ထားလိုက်
အလိုလို ဖြစ်လာလိမ့်မယ်

ခင်မင်စွာဖြင့်
စည်သူ။

ညလင်းအိမ် said...

မှန်လိုက်တာဗျာ... ကြိုစားကြရမှာပေါ့ဗျာ...

အလုပ်အဆင်ပြေပါစေ...

Mogok Thar said...

ညီမလေးရေ....

နောက်ကျမှ ရောက်လာရတာ စိတ်မဆိုးနဲ့...

ကိုယ်တို့ဘဝတွေကိုက အလင်းမရှိလို့လဲ မဖြစ်သလို တစ်ခါတစ်လေ.. အမှောင်တွေကိုလဲ လက်သင့်ခံထားရတာပါပဲ...

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်...

ဘဝကို.. နေ့ရက်တွေကို....

ပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်နိုင်တဲ့ ညီမလေး စိတ်ဓာတ်ကို လေးစား ချီးကျူးပါတယ်....

ချစ်ခင်တဲ့