ဘယ်သူကများ ကိုယ့်အတွက်ဆိုတဲ့ တကူးတကခင်းကျင်းမှုတွေနဲ့ စောင့်နေမှာလဲ။
ကိုယ်နဲ့ မင်းကြား ကို အချိန်ကိုက်လာပေးနိုင်တာ လွဲချော်မှုပဲရှိတယ်။

စာတစ်စောင် ပေတစ်ဖွဲ့ မရေးခဲ့ လို့ စိတ်မနာပါနဲ့….
ငါအပါအ၀င် ….အားလုံး
ဘာမဆို ကူညီပါ့မယ်ဆိုတဲ့ …အားလုံး
သစ္စာ မှန်ရင် ပြန်ဆုံမယ်ဆိုတဲ့ …အားလုံး
ကြယ်ကြွေဆုတောင်း ..အားလုံး
ယုံကြည်မှု …………….အား လုံး
အဆင်သင့် မဖြစ်ဘူးလို့ပဲ ပြောနိုင်အောင်
အဆင်သင့် ခေါင်းရှောင်နေကြတယ်။

ကြေကွဲတယ်ဆိုတာ ဘာမှမခက်ပါလားနော်..။

ပြုဖူးတဲ့ အမှားကို ထပ်တလဲလဲပြန်ချေ
အဲတော့ဘာတွေဖြစ်သလဲ..
မှားပြီးပဲ ထပ်မှားတယ်..
ဘယ်မှာလဲ..သွားစရာလမ်း..။

ငါ့ ကို ခွင့်လွှတ်ပါ..
တကယ်တမ်း နှုတ်ကလည်းပြောရော ..
တစ်စက္ကန့်လားကြာတယ်။
ဒီစကားလေးပြောဖို့တော့ ရှစ်လ တိတိကြာပါတယ်..။
ငါ..ဟယ် ..တော်တော်တွေဝေတတ်ပါလား..
ရင်ကွဲတာလေ..
ဓားရှတာမှ မဟုတ်တာ ..မင်းဘယ်မြင်တတ်ပါ့မလဲ..
အသဲထဲမှာတော့ အညိုမည်း စွဲ ..လို့..။

ဒီကဗျာကို ဖတ်ပြီး ပြုံး
တစ်ခုခုလည်း ဆုံးဖြတ်ပါ.
ငါကတော့ နိတ္ထိ..ဘာမှ ကို မရှိတော့ဘူး
ဓါတ်သိတွေ ပြောစကားအရ ..သတ္တိ ကြောင်တာလည်းပါမှာပေါ့..
နောင်ခါလာ နောင်ခါဈေး..
အဲဒီလိုပေါ့ပေါ့လေး မတွေးတတ်တာလည်းအားနည်းချက်
ချစ်နေရရုံ သက်သက်နဲ့တော့
မင်းကို ..လက်မဲ့ ..မဖြစ်ချင်တာ ယုံပေးပါ။
ငါဟာ ..ထုံဆေးတစ်ဖုံနဲ့ ကြုံသလို နေပျော်နေရတဲ့..ခပ်ညံ့ညံ့ အန္ဓ တစ်ကောင်လေ..။
သေမှာလည်းကြောက်
ကြေမှာလည်းကြောက်
လေဟာနယ်ထဲ လမ်းလျှောက်နေသူပါ…

ဘာပဲပြောပြောပါလေ….
ချစ်နေရုံသက်သက်..ချစ်နေရရုံ သက်သက်နဲ့တော့
မင်းကို ..လက်မဲ့ ..မဖြစ်ချင်ဘူးကွယ်….။





















ဝေဒနာအရှိန်တွေ ရေချိန်မကိုက်သေးသမျှ ငါမဆဲရေးဘူး.............
စေတနာအလိမ်တွေ ရေစိမ်လို့ပွလာရင်တော့
ငါ.........အဝါရောင်မီးလေးလင်းပြီ
သေရွာပါမယ့်အနှိမ်ခံအတိတ် ငိုချင်းမဆိတ်သေးလို့
အရိပ်တခုနဲ့ရင်ထိတ်
အိပ်မနေနဲ့မာန
နင်ပြာကျရင်ငါမလွယ်...............
အမေ တို့ တုန်း က
အဆောင်မှာ ဂစ်တာ တီးတဲ့ခေတ်၊
RC ခေတ်၊Main ထဲမှာ ရည်းစားထားတဲ့ခေတ်။
တို့တွေခေတ်ကျ
GTC ခေတ်၊
ကျောင်းကားနေရာ ဦးတဲ့ခေတ်၊
ရုပ်ရှင်ထဲမှာ
MICT ကို တက္ကသိုလ်ပါလို့ ရိုက်ပြတဲ့ခေတ်။

အဖေတို့ တုန်းက
Show Job ခေတ်၊
သဘောင်္သားခေတ်၊
ဒညင်းသီး အခြမ်း၂၀ ကို DHL နဲ့ ပို့တဲ့ခေတ်၊
အိမ်က မိန်းမဆီ ပိုက်ဆံလွှဲတဲ့ခေတ်။

တို့များခောတ်က
Visit ခေတ်၊
S pass ခေတ်၊
သန်းသန်းနု ကနေ ငွေလွှဲတဲ့ခေတ်၊
ကိုယ့်ရည်းစားလည်း Visit နဲ့ လိုက်လာရမယ့်ခေတ်။

သူတို့ခောတ်က
စာတိုက်ကြီးခေတ်၊
တို့ခောတ်က
email ခေတ်၊
သူတို့ခောတ်က..
် တွေ့ရင် ငမ်းတဲ့ခေတ်
တို့ခောတ်က
ဆော်တွေ့ရင် ကြူတဲ့ခေတ်၊

သူတို့ တုန်းက မိတ်ဆက်ပေးမှ ဆုံတဲ့ခေတ်။
တို့တွေများကျ..Chatting ထဲမှာ ကြုံတဲ့အဖြစ်၊
သူတို့ က အင်းလျားမှာ ကြည်နူးတဲ့ခေတ်၊
ငါတို့ က တစ်ည လုံးမအိပ်ပဲ ဖုန်းပြော ချစ်၊

သူတို့တုန်းက စာမူတစ်ခါ ပါဖို့ ၆လ စောင့်တဲ့ခေတ်
တို့တွေ ခောတ်က Blogger ခေတ်..

ကဲ ဘယ်သူတွေ ဘာခေတ်လည်း
ဟောဒီမှာ လာဟစ်…
တို့တွေခေတ်က ..နာဂစ်..
ကြာ ပစ်စရာ မလို ..
အော်တို နားလည်နေတဲ့ခေတ်..
ဖြစ်ချင်ရာတော့ ဖြစ်လာသလို ..
မဖြစ်ချင်တာလည်း ဖြစ်လာတယ်..
အလိုက်သင့် အလျားသင့်..
ကူးဖြတ်ဖို့ ချင့် ပြီးမှ..အမြင့်ပျံဖို့ ကြိုးစား..
ရှေ့တစ်ခေတ်ဆီအသွား မှာ
ငါ့တို့ သားသမီး က..
End Date လို့ပြောတာ မခံရအောင်….?????????????

ဒဏ်ရာသစ်တွေကို ဓါးနဲ့ခြစ်ပြီးမှ
ချစ်ခြင်းတော်လှန်ရေးသမားတွေ သပြေပန်ပြီးပြန်လာနိုင်တယ် ........
လက်ပြနှုတ်ဆက်နေတဲ့ ဒိုင်ယာရီအဟောင်းလေး
အဆွေးတွေကိုခေါ်ပြီး ပင်လယ်ဘက်ကိုသွားပြီ ....
ဒီတံခါးမကြီးတွေကို အပြီးပိတ်ဖို့ သံမဏိချိပ်ကိုသုံးတဲ့နောက်
မီးဆိုတာကမ္ဘာမှာ ပျောက်ကွယ်သွားခဲ့တယ်´........
ချိပ်တွေအရည်မပျော်နိုင်တော့ဘူး............။
တန်ခိုးဆိုတာ............ ကံကောင်းသူတွေရဲ့ ပိုင်ဆိုင်မှု
ပဉ္စလက်ဆိုတာ ဂန္ဓာရီဆန်တဲ့ ပညာတမျိုး
မျက်လှည့်ဆိုတာ ပရိတ်သတ်ရဲ့ အာရုံထားရာ
ရှင်ချစ်ခြင်းရေ.............
.မင်းပိုင်တဲ့ ဖော်ပြပါစွမ်းအားတွေသုံးလို့
သေဆုံးအံ့မူးမူး ရူးသွပ်အသည်းတစုံနဲ့
နေစရာရှာနေတဲ့ ပျော်ရွှင်ခြင်းများအား
အိပ်မွေ့ချလိုက်ပါတော့လား.........။
………………………………………………………..(၄)……………………………………………………………….
မိုးကလည်းသည်းသည်းမည်းမည်းကိုရွာသည်။ကျောင်းဖွင့်စရက်မို့ထင်ပါသည်။မိုးရေထဲမှာ လမ်းလျှောက်ရတာတော်တော်ညစ်ပတ်တာပဲ ဟု `လွင်မင်း´တွေးနေမိသည်။တစ်ကိုယ်လုံးလည်းရွှဲပြီ။တစ်နေကုန်ဘယ်လိုနေမလဲ။ကျောင်းသားရေးရာရှေ့ကပေါ်တီကိုအောက်မှာလည်းကျောင်းသားတွေဖွေးလို့။မိုးသည်းလို့ခဏ၀င်ပြီးစောင့်နေတာနေမှာ။`လွင်မင်း´ကတော့ စောင့်နေလို့မရ။Informal ရှိသည်။ပြီးရင် Hydro ချိန်လည်းရှိသေးသည်။`လွင်မင်း´က တခြားကျောင်းသားတွေလိုမဟုတ် ။Hydroဘာသာကို စိတ်ဝင်စားသည်။ကျောင်းပြီးရင်လည်း ရေအားလိုင်းဘက်ပဲဝင်မည်။တွေးရင်းကိုယ့်စိတ်ကူးနဲ့ကိုယ်ကျေနပ်ပြီး လမ်းကိုဆက်လျှောက်နေခဲ့သည်။
`အိခိုင်´က `လွင်မင်း´ကို Workshop အ၀ကနေ လှမ်းမြင်လိုက်ရသည်။မိုးရေထဲမှာ စိတ်ကူးယဉ်ပြီးပျော်နေပုံရသော ဒီ့ကောင့်ကို ချက်ချင်းလှမ်းခေါ်လိုက်သည်။
`မိန်းကလေးဖြစ်ပြီး ထီးလေးဘာလေး မဆောင်ထားဘူး´ပြောသာပြောတာ `အိခိုင်´ကထီးအောက်တောင်ရောက်နေခဲ့ပြီ။ဒီနေ့ကျမှ သူမကလည်းဘာစိတ်ကူးနဲ့ အလှတွေပြင်လာလဲ မသိဘူး။တော်တော်လေးလည်းချစ်စရာကောင်းနေပါသည်။အရင်လို မချိုမချဉ်မျက်နှာပေးလည်း မဟုတ်။ဒီအတိုင်းပဲ ပြုံးပြီးစကားတွေပြောနေပါသည်။`ဇာခြည်´ ရည်းစားရတဲ့ အကြောင်း ကနေစပြီး `မလဲ့´က `မိုးကြီး´ ကို ဘယ်လိုမှ ကြည့်မရတာ အလယ်.`သိမ်းထိုက်´ကဘယ်ကောင်မလေးကို ငမ်းနေတာ အဆုံး အားလုံးပြောလာသည်။ခါတိုင်းဆို တခြားလူတွေ အကြောင်းကို စိတ်ဝင်စားလို့မရတဲ့ကောင် ခုဘာဖြစ်နေတာလဲ။`အိခိုင်´ကပဲ အပြောကောင်းတာလား၊ရာသီဥတုလား၊သာယာမှုလား။`လွင်မင်း´ ကတော့ ပျော်သလိုလို ခံစားရပါသည်။အတန်းရှေ့လည်းရောက်ရော `အိခိုင်´က
`ငါသွားပြီ လွင်မင်း ..တကယ်တော့ ငါ့ထီးအသစ်လေးကို ဆောင်းရမှာ နှမြောလို့ဟ ဟဲ ဟဲ….´
ပြောရင်း၊ရယ်ရင်း၊လက်ထဲက ထီးအသစ်ကိုလည်းလှုပ်ခါရင်း `အိခိုင်´က သူမထိုင်ခုံဆီကိုပြေးသွားခဲ့သည်။`လွင်မင်း´စိတ်ထဲမှာ ခွဲခြားရခက်သောနာကျင်မှုတွေက တလိမ့်လိမ့်။ဒါသူမ မလုပ်သင့်ဘူး။တော်ပြီ။ဘယ်တော့မှ နင့်ကို မယုံတော့ဘူး ။

အရာရာကိုလေးနက်တတ်တဲ့ `လွင်မင်း´ရယ် သူ့လေးနက်မှုကို သရော်ချင်တဲ့ `အိခိုင်´ရယ်ကို သူငယ်ချင်းတွေကလည်း ညှိပေးလို့ မရခဲ့ပါဘူး။တကယ်ဆို သူတို့နှစ်ယောက်က ကြည့်လို့တော်တော်လိုက်ဖက်တဲ့ အတွဲ။အသားဖြူဖြူ ၊အရပ်ရှည်ရှည်နဲ့ အမြဲတမ်း ရှင်းလင်းကြည့်သန့်နေတဲ့ `လွင်မင်း´နဲ့ မလိမ်းမချယ် မပြင်မဆင်ပဲ ပကတိ ကလေးတစ်ယောက်လို ဖြူဖွေးချစ်စရာကောင်းတဲ့ `အိခိုင်´ကို လူတိုင်းက တွဲမိကြပါသည်။သေချာတာကတော့ `လွင်မင်း´က `အိခိုင်´အပေါ်မှာ ယုံကြည်မှုတွေနည်းနည်းလာသည်။ကြောက်လည်းကြောက် ကြောက်လာသည်။`အိခိုင်´ကလည်း အစွဲအလမ်းကြီးသော `လွင်မင်း´ကို ပို ပို ပြီးကြည့်မရဖြစ်လာသည်။
………………………………………………………………………………………………………………………………………………
`မနက်ဖန်ကို စဉ်းစားပြီး ငါရင်ကျပ်တယ်။
အသေအချာ ထုပ်ပိုးထားတဲ့ ငါ့မေတ္တာက နင့် ရယ်သံအောက်မှာရပ်..လို့…….
မလေးနက်သူအတွက် ဆေးပျက်နေတဲ့ အိမ်မက်တွေ..
ချစ်သော…
သို့..ချစ်ရပါသော….ငတိမ..
နင်ဘာလဲ ..အတိအကျဖြေ…´


တစ်ခါတစ်လေ မှာ လူ နှစ်ယောက်ဟာ အစစ်အမှန်ကို မယုံကြည်မှုတွေ၊မေ့ပစ်ရမယ့် အရာတွေ ကိုမှ သတိရစရာ လို့ တွေးမြင်နေမှုတွေ ၊ ပြီးတော့ ယုံကြည်ရမယ့် အချစ်ကို တွေ့တဲ့ အချိန်မှာတောင် မယုံကြည်နိုင်လောက်အောင် အစွဲဟောင်းတွေ ကိုပဲဆုပ်ကိုင်ထားမှုတွေနဲ့ ဝေးကွာသွားတတ်ကြပါသည်။
စာမေးပွဲတွေပြီးတော့ `မိုးကြီး နဲ့ အိခိုင်´က ချောင်းသာသွားဖို့ စီစဉ်ပါသည်။စာမေးပွဲသာပြီးတာ ။ကျောင်းသံယောဇဉ်မကုန်တဲ့ `လွင်မင်း´တို့ အားလုံး အဆောင်ကနေ အိမ်ကို မပြန်နိုင်ကြသေးပါ။`အိခိုင်´ကတော့ အပျော်အပါး ကို ၀ါသနာ ဘယ်လောက် ပါသလဲလို့ ။ကျောင်းကအဆောင်ထိ သူ့ကားနှင့် လိုက်လာပြီး ချောင်းသာ ခရီး ကို စီစဉ်ဖို့ `အောင်ဒင်´တို့ကို ဂျီကျသည်။ကျန်တဲ့ သူငယ်ချင်း အိမ်တွေတောင်ေ၇ာက်ပြီးနေပြီဆိုပဲ။ဒါမျိုးကျ အာဂဇွဲ။`မိုးကြီး´က လည်း တဖက်တလမ်းက စည်းရုံးရေးကူဆင်းပေးတာ ပါပါသည်။သူငယ်ချင်းတွေက တစ်ခု ပဲ စိုးရိမ်ကြသည်။ တော်ကြာ နဂို ကမှ အီစီကလီဖြစ်နေသော` သိမ်းထိုက်နဲ့ မလဲ့´က ချောင်းသာ ခရီးမှာ အိုကေသွားရင် `မိုးကြီး ´ အသည်းကွဲမည်။ဒီတော့ `မိုးကြီး´ အိုကေအောင် `သွယ်လေး´ ကို အရခေါ်နိုင်မှကောင်းမည် ဟု လည်းတွေးကြသည်။အဲဒီ့ အခါ ကျလည်း `သွယ်လေး´ကို ကြိတ်ပိုးနေတဲ့ `အောင်ဒင်´က လက်မခံ။ဒီလိုနဲ့ ငြင်းခုန်နေတာ ညနေ ၅ နာရီကျော်မှ `အိခိုင်´ လည်းရန်ကုန်ပြန်ရသည်။ `အိခိုင်´ကားမောင်းတာ တစ်ခါမှ မမြင်ဖူးသော သူငယ်ချင်းများက စိတ်တော့ပူတတ်ကြသည်။လိုက်ပို့လိုက်ပါလား ဘာညာနှင့် လွင်မင်း´ကို ဟိုကောင်တွေု ၀ိုင်းကြပ်နေတာ`အိခိုင်´ကားမောင်းထွက်ကာနီး မြင် လိုက်ပေမယ့် မသိချင်ယောင်ဆောင်ပြီး နှုတ်ဆက်ခဲ့သေးသည်။လမ်းရောက်တော့ `လွင်မင်း´ဆီက နောက်ပြောင်ပြီး သူမသိအောင်ယူလာသော သူ့ကဗျာ ကို ပြန်ဖတ်မိရင်း ကြည်နူးသလိုလို ရှိမိသည်။ဒင်းကောင်စုတ်၏ ရှက်နေသော မျက်နှာကို ပြန်မြင်ယောင်ပြီး အကြံ တစ်ခု ကခေါင်းထဲ ၀င်လာသည်။ဘာလို့မှန်း မသိဘူး ။`လွင်မင်း ´ ကို ကျီစား ဖို့ ဆို ခေါင်းထဲ မှာ အမြဲ လင်းနေတာပဲ လို့ကိုယ့်ဖာသာ ကိုယ်တွေးရင်းကျေနပ်နေသည်။

`လွင်မင်း´ထမင်းစားမယ် လုပ်တုန်း အဆောင်ရှေ့ က ဆိုင်က လှမ်းခေါ်ပါသည်။ဖုန်းလာနေတယ် ။အရေးကြီးတယ်တဲ့။ဘာလဲ။ဘာမဆိုင်ညာမဆိုင် `အိခိုင်´ ကို မြင်ယောင်မိသည်။မဖြစ်နိုင်ပါ။သူဘာလို့ငါ့ကို ဖုန်းခေါ်မှာလဲ။ဖုန်းသွားကိုင်တော့ တကယ်ပဲ `အိခိုင်´ဖြစ်နေပါသည်။သူ့ အသံ ကလည်းရေးကြီးသုတ်ပြာ။
`လွင်မင်းရေ…ငါ့ကားလေ..ဘာဖြစ်လဲမသိဘူးဟ.အခုငါ ထောက်ကြန့်နားမှာ ..ငါလည်းဘာမှမလုပ်တတ်လို့..ဟိုကောင်တွေရော ၇ှိလား..တစ်ယောက်ယောက် ဒီကို လာပေးပါဟာ..နော်´
သူ့ဖာသာသူပြောချင်ရာတွေဆက်တိုက်ပြောနေသော ကောင်မလေး ကို စိတ်ထဲမှာတော်တော်လေးသနားသွားသည်။မိုးချုပ်နေပြီ။သူ လမ်းမှာ မိန်းကလေး တစ်ယောက်ထဲ။ဘယ်လိုလုပ်မလဲ။
`အိုကေ အိုကေ အိခိုင် စိတ်မပူနဲ့ ..ငါလာပြီနော်။နင် အရမ်းလည်းကြောက်မနေနဲ့။လက်ဖက်ရည်ဆိုင်လေးးဘာလေး အနားမှာ မရှိဘူးလား။ဝင်ထိုင်နေပါလား။ငါမကြာဘူး။လာမယ်နော်။ခဏလေး..နော်ဟဲ့။´
`လွင်မင်း´တကယ်ပြာယာခတ်နေပုံရသည်။ဖုန်းချပြီး သူမ စိတ်တော်တော်မကောင်းပါ။နင်ငါ့ကို သံယောဇဉ်ရော၊စေတနာရောရှိတယ်။ငါသိတယ်။ဒါပေမယ့် နင်အမြဲ ငါ့ကို စိမ်းထားတယ်။တမင်စိမ်းထားခဲ့တယ်။အဲဒါတွေကို ငါမကျေနပ်လို့ အမြဲနင့်ကို ရွဲ့ခဲ့လှောင်ခဲ့တာဟ။
`နင့်ကို ငါနောက်နေတာဟ…မလာနဲ့။ငါ့ကားဘာမှမဖြစ်ဘူး အဟီး´
`ဘာ…….ဟဲ့ နင်တော်တော်……….´
လွင်မင်းဖုန်းကို ဆောင့်အော်လိုက်ပြီးဒေါသတွေ တလိမ့်လိမ့်ထွက်လာသည်။
`တော်တော်လွန်တာပဲ။ငါ့မှာဘယ်လောက်စိတ်ပူလဲ နင်သိလား။အခုလာတော့မလို့ အသည်းအသန်ပဲ။စိတ်ထဲမှာလည်း နင့်ကို ပူလို့ ။နင်ဘာလို့ အမြဲငါ့ကို ဆို အဲဒီလို ..............…..´ပြောရင်းမောသည်။ဒေါသကလည်းဖြစ်။စကားလုံးတွေကများ။ဘာတွေဆက်ပြောရမယ်တောင်မသိလောက် အောင်ကို သူမကို စိတ်တိုသည်။မုန်းသည်။
`ဘယ်တော့မှလည်း နင့်ကို မယုံတော့ဘူး သိလား´

`လွင်မင်း´အော်ဟစ်နေတာတွေ နားထောင်ရင်း `အိခိုင်´လန့်လာသည်။ကားမောင်းတာကလည်း အခုမှ ဆိုတော့ အာရုံကို မနည်းထားနေရသည်။
`ဟေ့ .အရမ်းအော်မနေနဲ့ဟာ။ငါကနောက်တာ။အခု ငါတကယ် ဒုက္ခရောက်နေပြီ။ကား ကရပ်လို့ မရဘူး။ဘရိတ်မမိဘူးဟဲ့။ငါ..ငါကြောက်တယ်..´
`အပိုတွေ..တော်။နင့်ကို မယုံဘူး။သွား။ဖြစ်ချင်ရာဖြစ်´
`လွင်မင်းးးးးးးးးးးးးးးးးးးးး..´


……………………………………………………………………………………………………………………………………
ဖုန်းချကာနီးသဲ့ကနဲ ကြားလိုက်၇သော `အိခိုင်´အသံစူးစူးသည် တစ်ဘ၀လုံးအတွက်နောက်ဆုံးဖြစ်ကြောင်းနဲ့ သူမစကားအားလုံးထဲမှာနောက်ဆုံးပြောခဲ့သော စကားသည် အမှန်ဖြစ်ကြောင်း နောက်နေ့မနက် မိုးအလင်းမှာ `လွင်မင်း´သိလိုက်ရပါသည်။`အိခိုင်´မရှိတော့ဘူး ဆိုတာ ကို`လွင်မင်း´စိတ်က လက်မခံပါ။ဒီကောင်မလေးကနောက်တတ်တယ်။ပြန်လာမှာပါ။ငိုနေတဲ့ `မိုးကြီး´တို့ ကို လည်း အားပေးရတယ်။
ဒီကောင်မလေး မသေဘူးကွ။နာကျင်သယောင် ဖြစ်နေတဲ့၇င်ဘတ်ထဲ ကို လည်း လိမ်မယ်။နင်ပြန်လာမှာပါ။သူငယ်ချင်းတွေကို အရင်လို ချောက်ချနေဦးမှာ။

ဆေးရုံကားခေါ်ဆောင်ရာနောက်ကို `အိခိုင်´ပါသွားပြီ။လက်ထဲကို စာရွက်အပိုင်းတစ်ခု အောင်ဒင် လာထည့်သွားသည်။ကဗျာ ။ရှားရှားပါးပါးရေးပြီး ၀ှက်ထားသော ကဗျာ။ပြီးတော့ ကားမောင်းထွက်ကာနီး သူမရဲ့ မချိုမချဉ် မျက်နှာထား။ပျော်ရွှင်နေတဲ့ သူမ ပုံစံ။……………………….
……………………………………..နောက်ဆုံး……………………………………………………………….
အချစ်ကို ငါတို့ နှစ်ယောက်လုံးညာခဲ့တာလား။အချစ်က ငါတို့ အတ္တတွေကို ညာခဲ့တာလား။နောက်တစ်ကြိမ် သူမ ပြန်လာ နောက်ပြောင်မည့် အချိန်ရောက်ဖို့ ကျွန်တော်ဘယ်လောက်များစောင့်နေရဦးမလဲ။ဖြစ်နိုင်ရင် ဒီတစ်ကြိမ်မှာတော့ အကြောင်းသိပြီး ချစ်သူလေး ကို ယုံချင်ယောင်ဆောင်ပြဖို့ ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။