Showing posts with label ကြုံဖူးသမျှ. Show all posts
Showing posts with label ကြုံဖူးသမျှ. Show all posts






ငယ်ငယ်ကရာဇ၀င်လေး


ကျောင်းသားတွေ အားလုံးတိတ်ဆိတ်.... တုပ်တုပ်မျှမလှုပ်ရဲ..
(၇)တန်းအေ အခန်းထဲမှာပေါ့.....။
ဒေါ်သန်းသန်း ဆိုရင် အားလုံးကကြောက်ရသည်။အင်္ဂလိပ်စာ အသင်ကောင်းသလို ဒဏ်ပေးကလည်း ကြမ်းသည်။
မှားပြီလားဟေ့ .တစ်လုံး..ပြေးလိုက်စမ်းဟေ့ ခွေးလို။
ဒီနှစ်.... ဒီနှစ်ထပ်စာသင်ဆောင် အပေါ်ထပ်ရောက်တာ ကံကောင်းသည်။ မဟုတ်ရင် သူ ဒီလို ကြမ်းပြင်ပေါ်ပြေးခိုင်းပုံနဲ့ မသက်သာ။အောက်ထပ်တမံသလင်းပေါ်မှာဆို ဒူးတွေတောင် ဆုတ်ပြဲလောက်ရဲ့။စာသင်ခုံတွေ တစ်တန်းပြီးတစ်တန်းပြီးသွားပြီ။
အာဇာနည် သန်းသန်းကလည်း ဒဏ်ပေးကောင်းဆဲ။
ဖတ်စာအုပ်ထဲကကြည့်ကူးတာတောင်မှားတယ် ဟုတ်လား...ဟိုဘက်ဒီဘက် ၁၀ခါပြေးမယ်။
နားထဲသို့ ဆရာမအသံ ထိုးဖောက်လာလေလေ ကြောက်လေလေ။ရှေ့က စာသင်ခုံတွေကသူငယ်ချင်းတွေ အလှည့်တောင်ပြီးပြီ။ဒါပြီးရင် ငါတို့ အတန်း ငါတို့ခုံ။ထပ်ကာတလဲလဲ စစ်ထားသော စာမျက်နှာများကိုပဲ ထပ်ကြည့်ရပြန်သည်။

နောက်တစ်တန်း..
ရင်ထဲ ဒိန်း ကနဲ..။မော့ကြည့်တော့ ဆရာမ။ ဟင်း ..... သွားရမှာပေါ့လေ။
`.............´ညည်းတို့ ခုံတန်းကလူတွေ အလှည့်လေ။

ဟုတ်ကဲ့ ဆရာမ။ပြီးတော့ ကမန်းကတမ်း အပြေး။
အမလေး လဲပြီတော့။


ဝါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးဟားးးးးးးဟားးး


တစ်တန်းလုံး ရယ်သံတွေ နားထဲမှာ..။

အဲဒီ့နေ့က စ လို့ ပြောကြတယ်။ သူပေါ့ ဆရာမကိုကြောက်ပြီး ဒူးတွေချောင်ကျသွားတာ တဲ့။


ရဲမင်း ဆိုတဲ့မော်နီတာ က စခေါ်လိုက်တဲ့ နာမည်ပြောင် တစ်ခုကလည်း ဒီနေ့အထိ ငယ်သူငယ်ချင်းတွေကြား ရေပန်းစားဆဲ။

`ဒေါင်ချူး´ တဲ့။

ဟဲ ဟဲ စိတ်ဝင်စားအောင် စာသံပေသံနဲ့ ရေးလိုက်တာ။ နာမည်ပြောင်ကြီး က မလှလို့လေ။

နောက် တစ်ခါတုန်းက တက္ကသိုလ် မှာပေါ့..

ကျောင်းကားပေါ်မှာ လိုက် လိုက် စတတ် တဲ့ မျက်လုံးပြူးပြူးကောင်လေးတစ်ယောက် ကြောင့် ရခဲ့တာက ` သာလိကာ´ တဲ့။
အေးပေါ့ ကိုယ်က သူ့ ကို `ဇီးကွက် ´ လို့ ခေါ်ပြီး အရင် စဖဲ့ တာကိုး။သူ့နဖူးက မှဲ့ကြောင့် လူတိုင်းက ကျားခင်စိန် လို့ခေါ်တာကိုတောင် အဲဒါ ပဲပြုတ်စေ့ ကြီး ကပ်နေတာဟ ဆိုပြီး `ပဲပြုတ်´လို့ လည်းနာမည်ပေးမိသေးတယ်။ မြရေလျဉ် နာမည်ပေးတော်တာတော့ သက်ပိုင်သူ ပြောပြီး ဖြစ်ပါလိမ့်မယ်။ဒီလို အပေးတော်တော့ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလို ပြန်ပေးလိုက်တဲ့ နာမည်တွေကလည်းမနည်းပါဘူး။

ငယ်ငယ် ကပါပဲ။ဒါက ကိုးတန်းကျူရှင်မှာ။ နေရာတကာ စွာ ..စွာ နိုင်လွန်းတဲ့ မြရေလျဉ် က ဘယ်ကျားမှလည်း ဗိုလ်မထားချင်ဘူး။ဒီတော့ ဆရာ စာသင်ရင် ကောင်လေးတွေနဲ့ ပြိုင်ပါတယ်။ဆရာ နဲ့ ငြင်းပါတယ်။တော်တော်များများ ကောင်လေးတွေကလည်း အမြင်ကပ်ပါတယ်။တစ်စုံတစ်ယောက်က လွဲရင်ပေါ့လေ။အဟဲ ဒါက ကြော်ငြာနော်။နောက်တော့ နေရာတကာ ပါလွန်းတဲ့ မြရေလျဉ် ကို သူတို့ ကွယ်ရာ ကခေါ်ပါသတဲ့။
`ပါပါ´တဲ့။
ရင်နာစရာကောင်းတာကတော့ အဲဒီ့ခုနကပြောတဲ့ တစ်စုံတစ်ယောက်ကလည်း နောက်ပိုင်း လူချင်းကွဲသွားတော့ကိုယ့်ကို သတိရကြောင်း လူကြုံနဲ့ မှာတမ်းချွေတိုင်း `ပါပါ့ ကို သတိရတယ် ရည်းစားရနေပြီလား´တဲ့။ကြားရတာ နားထဲ ကလန့်ပြီး ကဗျာမဆန်မှုကြောင့် သူ့ကိုလည်းရင်မခုန်ဖြစ်တော့ပါဘူး။



ခုတော့ အသည်းကွဲသယောင်ဘာယောင်ယောင်နဲ့ ဘလော့ဘာလေးရေးမယ်ပေါ့။ဘလော့ပေါ်တက်တယ်။
သက်ပိုင်သူ ကစပြီးဈေးဦးပေါက်ခေါ်ပစ်လိုက်တယ်။ အမေရေယာဉ်တဲ့။မော်တော်ဘုတ်လို့ မခေါ်တာပဲကျေးဇူးတင်ပါတယ်။

ကဲ ..သက်ပိုင်ပြောင်ရေ..အမှတ်တရ နစ် အကြွေးကြေပြီနော်..။
ဘာလဲ တကယ့် နစ်ကို ထည့်မရေးလို့ မကျေနပ်ဘူးလား။အိုကေလေ။ပြောလိုက်ပါ့မယ်။အဓိက သူပြောစေချင်တာက ဒါကိုး။

ဒီလိုပါရှင် ။ငယ်ငယ်ကရော။တက္ကသိုလ်ရော။အခု ဘလော့ ရေးနေတဲ့ ကာလတွေမှာရော တော့..အားလုံးက တစ်ညီတစ်ညွတ်ထဲခေါ်ကြတဲ့ နာမည်လေးက..
`ချောစုခင်´တဲ့။

တူမတူတော့ အထက်ကပုံတွင်ကြည့်ပါ။
သူငယ်ချင်းတွေက ပြောကြတယ်။တစ်နေရာရာရောက်လို့များ ပေါက်ကရ လုပ်တတ်တဲ့သူ တွေတွေ့ရင် နင့်အမျိုးလားလို့ ကြည့်ရတယ်တဲ့။အဲဒီ့လိုဆိုကတည်းက စဉ်းစားသာကြည့်။

ပထမဆုံး ကျွန်မတို့ အဖိုးဘက်က နှမတွေအကြောင်းပြောပြမယ်။ကျွန်မ အဖိုးမှာ နှမ အပျိုကြီး နှစ်ယောက် နဲ့အစ်ကို တစ်ယောက်ရှိတယ်။တောမှာနေသူတွေလည်းဖြစ် ၊ပညာဘာညာကတည်း ရေးတတ်ဖတ်တတ်ရုံသာလေ့လာခဲ့တယ်ဆိုတော့ကာ အင်မတန် အပြောရကျပ်တာကလား။( အဲ..သူတို့အကြောင်းပြောရင်း သူတို့လေသံတွေ ၀င်လာပြီ) ။ငယ်ငယ်ကဆို သူတို့ ရှိရာ လက်ပံတန်း မြို့ ကို နွေကျောင်းပိတ်တိုင်း ကျွန်မတို့မောင်နှမ၀မ်းကွဲတွေ ပြန်ကြတယ်။အဲဒီ့လို ပြန်တိုင်း အဖိုးနှမတွေ အိမ်ဖက်လည်းသွားလည်ရသေးတယ်။ကလေးပေမယ့် လူမှုရေးစိတ်ဓါတ်လေး ငယ်ငယ်ကတည်းက ရှိရှာတယ်လို့ မတွေးလိုက်နဲ့ဦး။ကလေးဆိုတော့ အိမ်ထဲမနေရပြီးရော လူကြီးတွေ သွားလေရာ လိုက်ချင်တာရယ်၊သူတို့ အိမ်တွေမှာရှိတဲ့ မရမ်းသီး အချိုသီး ကို စားချင်တာရယ်.၊အိမ်အ၀င်ဝက ရေတွင်းကြီး ကို ကလေးပီပီ ငုံ့ငုံ့ ကြည့်ချင်တာရယ် တွေကြောင့် လူကြီးတွေ ကမသွားတောင် ကိုယ်က လေသံလေးပေးရတယ်။
ဖွားငွေနဲ့ ဖွားရွှေလည်း တွေ့ရသေးဘူးနော်..မီးမီးတို့ ကို သူတို့ က ချစ်ဖူးလား။မေးသံတောင်မကြားဘူး ဘာညာပေါ့။(ပြောရဦးမယ် မြရေလျဉ်က ငယ်ငယ်ထဲက စကားတတ်တယ်ဆိုပဲ ..အမျိုးတွေပဲပြောကြတာ အင်း စကားကြီး စကားကျယ်ကလည်းပြောတယ်တဲ့..)
ဘာပဲပြောပြော သူတို့အိမ်ရောက်ပြီ ဆိုတာနဲ့ နွေမပိတ်ခင်က ကျက်ထားတဲ့ ကဗျာလေး နှစ်ပုဒ် သုံးပုဒ်လောက် ဆိုပြပြီး ချကျွေးသမျှ ၀ါးတော့တာပဲ။ချောက်တိချောက်ချက်ရောင်းနေရတဲ့ အဖွားကြီး တွေရဲ့တောအိမ်ဆိုင်လေး က ထန်းညက်ချောင်းကနေ မန်ကျည်းစေ့လှော်အထိ ပါဝါမကူရေမရှူ ပဲ ၀ါးတာပေါ့။
အပြန်ကျတော့ လည်း သူတို့ ကပေးတဲ့ မုန့်ဖိုး ငါးကျပ် ကို ရလို့တော်တော်ပျော်ရသေး။

ပြောချင်တာက သူတို့တွေ ရန်ကုန်ကို ဆေးကု ဖို့လာကြတဲ့ အကြောင်းပါ။တောမှာ ဘာမဆို အလကားရပြီး ပိုက်ဆံလည်း ကုန်စရာ မရှိ၊နဂိုကလည်း ကပ်စေးနဲတဲ့ရှေးလူကြီးတွေဆိုတော့ ခက်ကြပုံများပြောပါတယ်။

ဖွားငွေက မျက်စိခွဲဖို့ ရန်ကုန် လာတာပါ။ရောက်လည်းရောက်ရော ကျွန်မတို့ အမေ ကို ငွေထုတ်ပေးပြီး ပန်းသီးဝယ်ခိုင်းပါတော့တယ်။ ပန်းသီးတစ်လုံးကို ၃၀၀ လောက် ရှိနေတဲ့ အချိန်မှာသူက ငွေတစ်ရာ ပေးပြီး ၁၀လုံးဝယ်ခိုင်းပါရောလား။ အဲ ..ပြဿနာက အဲဒါမဟုတ်ဘူး။ပြဿနာက ကျွန်မတို့ ဘယ်တော့ ပန်းသီးစားစား သူ့ ပန်းသီး လို့ချည်း ပြန်တဲ့ နေ့အထိပြောနေတော့တာပါပဲ။

ဒါတင်ပဲလားဆိုတော့ ဘယ်ဟုတ်မလဲ။ တခြား အမျိုး ၀မ်းကွဲ တစ်ယောက်အိမ်သွားလည်ရင်း အိမ်သာတက်နေတာက ဘယ်လောက်များ လက်ဆော့သလဲလို့ ။လူက လည်း မျက်စိက ခွဲထား၊ခြေလက်ကလည်း အငြိမ်မနေချင်ပဲနဲ့ ဟင်း....ပြောရရင် အသည်းယားစရာ ပါ။ အိမ်သာကြမ်းကြားက မြွေစိမ်းခေါင်းလေး ထွက်လာတာ ကို ကန်စွန်းညွှန့် လေးဆို ပြီး ချိုးဆော့ ပါသတဲ့...။ ကဲ မပြောချင်ဘူး။


အင်း သူ က မိန်းကလေးမို့ ဒီလိုဆိုတော့ သူ့အစ်ကို `ဦးကြီး ´(ကျွန်မ အမေခေါ်သလို ကျွန်မတို့ က လိုက်ခေါ်တာပါ)ကျ တစ်မျိုးဗျို့။ သူက တော့ ခုပြန်တွေးရင် သနားဖို့ လည်းကောင်းပါတယ်။ အဲဒီ့ တစ်ခေါက် က သူ ကင်ဆာ ဖြစ်နေတာ လာပြီးဆေး ကုတာပါ.။ သူ့ ကို သူလည်း ကင်ဆာလို့ သိပုံမပေါ်ပါဘူး။ဆရာဝန်က သူ့ ကိုဆေးတွေ ပေးပါတယ်။ မနက် ၊ နေ့လည်၊ ည ဆိုပြီး ၃ ခွက် ..၃ခွက်ပေးတာပါ။ ဦးကြီးဆေးသောက်ပြီးပြီလားလို့မေးကြည့် သောက်ပြီးပြီ ဆိုတာချည်းပဲနော်။ဦးကြီးကတောကသာလာတာပါ .အင်္ဂလိပ်ဆေးကို ကြောက်ပုံ မပေါ်ဘူး ဆိုပြီး ချီးကျူး မိသေးတယ်။ အဖြစ်မှန်ကိုလည်း သိရော ပိုတောင် ဦးကြီး ကိုလေးစားသွားတာ။ ဦးကြီး အင်္ဂလိပ်ဆေးကို မကြောက်ပုံများ မနက်၊နေ့လည် နဲ့ ည သုံးခွက်စာ ကို စိတ်မရှည်လို့ တစ်ခါထဲပဲ ပေါင်းသောက်ပစ်လိုက်တယ် ဆိုပဲ...အေးရော။
ခု အသက်ကြီးလာ မှ ကင်ဆာဆေးဆိုတာ တစ်ခွက်တစ်ခွက်ကို အများကြီးဆိုတာ သိရတော့ ဦးကြီး ကို မနောက်ရက်တော့တဲ့အပြင် အရမ်းသနားမိပါတယ်။
အင်း သေချာတွေးကြည့်တော့ အသိအမြင် မကြွယ်တဲ့ ဦးကြီး တစ်ယောက် ကင်ဆာဆေးလုံးပေါင်း မြောက်များစွာ ကိုသောက်ရင်း နောက်ဆုံးတော့ လည်း................။

ထားပါ။ အဖိုးဘက်ကတော့ ကုန်ပြီ။ အဖွားဘက် လှည့်မယ်။
အရင်ဆုံးသူ့ အစ်ကိုကြီး အကြောင်းပေါ့။သူက ၀ါဝါ၀င်းရွှေ တို့ ညွှန့်ဝင်း တို့ ခေတ်က ရုပ်ရှင်ဒါရိုက်တာကြီးပါ။
နေတာကတော့ လက်ပံတန်းမှာပါပဲ။ ရန်ကုန် တက်လာရင် မြောက်ဥက္ကလာမှာနေပါတယ်။လူရွတ်လူနောက်ကြီးပေါ့။
သူက သူ့ မိန်းမ ကို ဆို ` အစော တို့ စိတ်ကောက်ပြင်းထန်ပုံကတော့ စံပါပဲ။ ငါ့ စိုက်ခင်းထဲ တစ်ရက် သူလိုက်လာတာ ငါ့ ဗူးစင်ပေါ်က ဗူးသီးတွေ ဒီနေ့ အထိ ကွေးကွေးတွေပဲ သီးတော့တာသာကြည့်´
အဲလို စ တာပါ။ပြောလည်းပြောစရာ။ ဖွားစော စိတ်ကောက်တတ်တာလည်း အမျိုးထဲမှာ လက်မှတ်ရတယ်။
သူ ကကျ စိတ်မရှည်တာပါ။ စိတ်မရှည်ပုံများ တစ်ခါက ရန်ကုန်ကနေ လက်ပံတန်းပြန်လာတာ လမ်းမှာ ရထားပေါ်မှာဒဏ်ရိုက်ခံရပါရောလား။ ဖြစ်ပုံက ဒီလိုပါ။ လက်ပံတန်းဘူတာဝင်ကာနီး လမ်းခုလတ်မှာ အရေးပေါ်ဘဲလ် ကို နှိပ်မှုလေ။ အရေးပေါ်ဘဲလ် မြည်တယ် ဆိုတော့ ရထားတစ်စီးလုံး ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ရထား ၀န်ထမ်းအရာရှိတွေလည်းရောက်လာပါရောတဲ့။ဟုတ်တယ်လေ။ဒီဘဲလ် က အကြောင်းကြီးကြီးမရှိပဲ မနှိပ်ရဘူးကိုး။ဒီတော့ ဘာလို့များနှိပ်တာပါလိမ့်ပေါ့။

သူက အေးဆေးပါပဲ ။ပြန်ဖြေတာက။ သူ့ အိမ် ကို မြင်နေရပြီတဲ့။ ဘူတာထိလိုက်နေရင် ပြန်လာနေရဦးမယ် ..။ကြာလို့ တဲ့။ ခု လိုရထားရပ်လိုက်တော့ ဆင်းလိုက်လို့ ရတာပေါ့ တဲ့ ဆိုပြီး ဆင်းမယ် လုပ်ပါရော..။

တကယ်တမ်းကတော့ ချက်ချင်းမဆင်းရတဲ့ အပြင် ကံကောင်းလို့ ဂတ် မရောက်တာ။ အဲလို ဆိုးတာ။
နောက်တစ်ခု က ရန်ကုန်မှာ ..။ ဘတ်စ်ကားပေါ်မှာ ။ခါးပိုက်နှိုက် ကို နောက်တာပါ။ လန့်သွားလား။ ခါးပိုက်နှိုက် ကို ဘယ်လို နောက်လဲ ဆိုပြီး။ ပြောပြမယ်။

ကားပေါ်မှာ ခါးပိုက်နှိုက် က သူ့ နားကို မယောင်မလည် လုပ်နေကတည်းက သူ က သိတယ်။သူ့တိုက်ပုံအိတ်ကပ် ကို နှိုက်နေတာလည်းသိတယ်။အသာလေးလွှတ်ပေးထားတယ်တဲ့။နောက် ခါးပိုက်နှိုက်လည်း လိုချင်တာရတော့ သူ့နားက ခွာပြီး တခြားနေရာ ကို တိုးသွားတယ်တဲ့။ပြီးလည်းပြီးရော ..ခါးပိုက်နှိုက် က သူ့လက်ထဲကို ငုံ့ကြည့်တော့ သတင်းစာကြီးဖြစ်နေပါရော ..။ သူ့ ဆီက ရသွားတဲ့ ငွေတွေကို ရေကြည့်မယ်ဆိုပြီး ခေါင်းလေးငုံ့ ၊ဘေးဘီကြည့်နဲ့မျက်နှာကလေးက ဖြစ်သွားပုံများ ဆိုပြီး ပြော ပြောပြီး ရယ်လိုက်တာ ...။ဟုတ်တယ်လေ။ သူ့ခမျာလည်း ကမန်းကတမ်းဆိုတော့ ဘယ်သေချာသိမလဲနော့.....။

အဲဒီ့တုန်းက သူ က ဘိုင်ပျက်နေလို့၊လက်ထဲက သတင်းစာကြီးကိုင်ရတာ လည်းရှုပ်တယ် ဆိုပြီး ..အိတ်ထဲ ခေါက်ထည့် ထားတာတဲ့။ဒါကြောင့်ယူတာသိ သိနဲ့ ငြိမ်ခံနေတာပေါ့တဲ့။

ဟင်း ....မနိုင်ဘူးနော်။

နောက်တစ်ယောက်ကတော့ ကျွန်မရဲ့ ဂရိတ်မဟာ အဖွားအရင်းပေါ့။`မြ´ ဆိုတဲ့ နာမည် က သူ့ဆီက ယူထားတာလေ။ကျွန်မ အမေရဲ့ အမေ၊ကျွန်မတို့ အဖွားမိုလို့ `မေဖွား´ လို့ ခေါ်ကြပါတယ်။အသက် က (၇၀)ကျော်ရုံလေးပေမယ့် ပင်ပန်းခဲ့တဲ့ ဘ၀ဒဏ်တွေရယ်၊ ချစ်ရတဲ့ ခင်ပွန်းနဲ့ အစ်မ တို့ တပြိုင်နက်ထဲ တိမ်းပါး သွားတာတွေရယ် ပေါင်းပြီး သူ က သူငယ်ပြန်ချင်နေပါပြီ။ဒီတော့ စိတ်မချတဲ့ သားသမီးတွေ က ရန်ကုန်မှာ လာနေဖို့ ပြောတာကို လက်မခံချင်ပဲ လိုက်လာနေရလို့ အတော် မကျေနပ်ပါ။

`ငါ့ အိမ်မှာသာ ငါနေရင် ခြံထွက် ဆူးပုတ်ခက်ကလေးတွေ ဖြတ်ရောင်းပြီး ငါ့ ပင်စင်လစာလေးနဲ့ပေါင်းစားရင်ကောင်းကောင်းနေနိုင်ပါတယ်အေ..´

သူပြောတဲ့ ဆူးပုတ်ခက်ဆိုတာ ရေလောင်းမယ့်သူ မရှိလို့ ခု ဆို တစ်ပင်လုံးပေါင်းလို့ ငါးခက်ရတောင်ကံကောင်း၊ ပင်စင်လစာ ကလည်း တစ်ခါက သူထုတ်တာ သုံးထောင်ရတာတွေ့ဖူးတယ်။ဒါတောင် ၆လစာလား၊တစ်လစာလားမသေချာဘူး။ဒါပေမယ့် အဖွားကလောက်တယ်ဆိုတာချည်းပဲ ဇွတ်ပြောပြီး ပြန်မယ် ချည်း လုပ်နေတော့ တာ နေ့တိုင်းပါပဲ။ပြီးတော့ သူ့ အိမ်ကြီးထဲမှာ တစ်ယောက်ထဲ၊အဖော်မရှိဘာမရှိ သူဘယ်လိုနေမလဲ။နယ်မြို့ ဆိုတာ မီးလာတဲ့ ရက် ကလည်း ခပ်ရှားရှားလေ။
ဒီတော့ စိတ်ချမ်းသာအောင် သောကြာနေ့ညနေဆို ပြန်ပို့ ။တနလာင်္ မနက် ဆို အားလုံးပြန်လာဆိုတဲ့ အစီအစဉ်အတိုင်း လုပ်တာ သူက ကျေနပ်သွားပါတယ်။ခက်တာက သူ့ ဦးနှောက် မှတ်ဥာဏ်အား။ထင်ရာမြင်ရာစွဲတာလေးတွေ။အဲဒီ့တော့ တနင်္လာ မနက် ပြန်ရောက် တဲ့ အထိ အိုကေ။ အင်္ဂါ နေ့လည် ဆို အထုတ်တွေ ထုတ်နေပြီ။ ဒီနေ့ သောကြာလေ။ ပြန်မယ်ဆိုပြီး ရစ်ရော ဗျာ။

စကားတစ်ခွန်းကို သူ့ရှေ့မှာပြောရင် အရှေ့ပိုင်းတွေကို ပဲ မှတ်မိတယ်။တခါတလေ သူပေးတဲ့ သတင်းအချက်အလက်အမှားတွေ ကို သားသမီးတွေက တကယ်ထင်ပြီး ဟာသတွေ ဖြစ်ရသေးတယ်။ ကျွန်မ ဥိးလေးအငယ်က အရင် က နိုင်ငံခြားတွေဘာတွေ သွားခဲ့တာ ကို ပဲ စိတ်စွဲပြီး ဦးလေး အပြင်ထွက်သွားတိုင်း အိမ်ကို လာတဲ့ သူတွေ ကို ..
ဟဲ့ ကို ငယ်တော့ ဒီနေ့ပဲ သွားတယ်လေ..။ငါလည်းပြောသွားတယ် ..အမေစိတ်ချပါတဲ့။

အစတော့ အိမ်လာတဲ့ ဧည့်သည်တွေက အထာမသိတော့
ဟယ် ဟုတ်လား..ကိုငယ်သွားပြီလား ပေါ့..။နောက်တော့ အဖွားအကြောင်းသိတော့ ဘာမဆို ကျွန်မ တို့ ကို လာလာမေးပြိး မှ ယုံရဲတော့တာ။

ကျွန်မ မလာခင် မှာအခြေအနေ က ပိုဆိုးလာတယ်။ တစ်နေ့တော့ ထူးထူးဆန်းဆန်းပြောလာပါတယ်။အဲဒီ့စကားကို ကြားတော့ ကျွန်မ အဒေါ်က အမေ အဲဒါ ကို ဘယ်သူ့ မှ ပြန်မပြောနဲ့နော်လို့တောင် နှုတ်ပိတ်ထားရတယ်။

သူပြောတာကြည့်လေ..။
အဖိုးက သူ့ ကို မောင် လို့ ခေါ်မှ ကြိုက်သတဲ့ ။ကဲ..။ကျွန်မ သိသလောက်တော့ အဖိုးက အဲဒီ့လောက်မ ကြူတတ်ပါဘူးလို့များ သွားပြောရင်လည်း မိုးမီးလောင်မယ်။အသာလေးနေပေးလိုက်ရတယ်။


ခုတော့ နောက်ဆုံး မြရေလျဉ် ကွိုင်တက်နေပြီ။
အဖွားပဲပေါ့။ ကျွန်မ အမေ ဆီဖုန်းဆက်ပြီး ဟိုနေ့ က ပြောလိုက်တာ။ခု ..ကျွန်မကို အိမ်က ၀ိုင်းကျပ်နေပြီလေ.။


ပြောတာကလည်းကြည့် ...

` ညည်းသမီး ငါ့ ဆီဖုန်းဆက်တယ် မိပေါက် ..သူ အိမ်ထောင်ပြုပါရစေတဲ့ .အဲ့ဒါဘယ်လိုလုပ်ကြမလဲ´


ရုပ်တည်ကြီးနဲ့ ပြောတာနော်....ဟင့်။......။


..........................................................................................


( အဖိုးအဖွားများအားလုံးကို သတိရလို့ ရေးပါတယ်။သက်ပိုင်သူ၊ပိုင်ဖြိုးကို၊ ဖိုးသင်္ကြန် နဲ့ တလနွန် ရေ..နင်တို့ အလှည့်ပဲဟေ့)

…………………………………………(၁)……………………………………

ဘတ်စ်ကားမှတ်တိုင် ဆိုတာ သိတဲ့ အတိုင်း လူကများပါ့။ တစ်ကားတစ်စီးလာဖို့ကိုလည်း စောင့်ပေဦး။ အချိန်မှန်ထွက်တာ မဟုတ်တော့ ပို ဆိုးပေါ့။ အမယ် လာဖို့သာကြာတာ။လာမယ့်လာ ရင်လည်း ကိုယ်စီးချင်တဲ့ ကားမဟုတ်ဘူး။ ကိုယ်စီးချင်တဲ့ ကားဖြစ်နေရင်လည်း မပူနဲ့။လူက အပြည့်။

ပိုက်ဆံ မရှိလို့ စိတ်ညစ်ရခင်တုန်း လာလိုက်တဲ့ ကားတွေက လည်း နှစ်ဆင့်ပြောင်းစီးဖို့ လိုတာတွေချည်းပဲ။

မြောက်ဒဂုံကနေ သမိုင်းကို တိုက်ရိုက်ရောက်တဲ့ ၃၆ အနီက လိုရင်တော့ပေါ်မလာဘူး။၃၆ အစိမ်းချည်းပဲ ဆက်တိုက်လာနေတာ။ တင်းလာပြီ။အစိမ်းပဲ စီးပြီး တာမွေကိုတစ်ပတ် ပတ်ပြီး မြေနီကုန်းလိုက်သွားရမလို လို ဖြစ်လာပြီ။

သူငယ်ချင်းတွေနဲ့တွေ့ လို့ လက်ဖက်ရည်ဆိုင် ထိုင်ရရင်လည်း ပိုက်ဆံ ကုန်ဦးမှာပဲ။ ခု လို အချိန်မှာ ၁၀ လည်း ပိုက်ဆံ၊ ၁၀၀ ဆို ပို ပြီး ပိုက်ဆံ၊ ၁၀၀၀ ဆိုရင်လား ဟင်း ဟင်း ပိုက်ဆံ ပိုက်ဆံ ဆိုပြီး အော်ပြီးတောင် က နေလို့ ရတယ်။လူတွေများနော် ။မွေးကတည်းက စားချင် သုံးချင်စိတ်မပါအောင် ဆရာဝန်ကဆေး ၁ လုံး တစ်ခါတည်း ထိုးပေးလို့ ရရင် အပူလောဘတော်တော် ငြိမ်းမယ်။

(ဒါပေမယ့် အဲဒီ့ဆေးဖိုးကို တစ်သက်လုံးပြန်ဆပ်နေရအောင် ဈေးကြီးနေရင်လည်း မဖြစ်)

…………………..

ဟိုတွေး ဒီတွေး ..အဲဒီ့ အချိန်လေး..ပေါ့ ..။

ဘ၀မှာ ကိုယ်ဖြစ်ချင်တာလေးကို လက်ငင်းချက်ချင်း ကြုံ လိုက်ရရင် ဘယ်လိုနေလဲ။စဉ်းစားကြည့်နော်..။

ရှေ့မှာ ၁၀၀ တန် အခေါက်လေး ..အဲဒီ့ မလှမ်းမကမ်းမှာ နောက် ၅၀ တန်လေး။ တကယ်ကို နီးနီးလေး ။

ခြေထောက်နားမှာ..ငါ့ခြေထောက်နားမှာ။ စိတ်ကို မထိန်းနိုင်ဘူး ။ကောက်လိုက်မယ် ဟဲ့ ..လာလေ့..။

…………………………………………………………………

…………………………………………..

…………………………………..

…………… (၂)………………

စိတ်ထဲကနေ ကျိန်ဆဲမိတာများ အကြိမ်ရေ မရည်တွက်နိုင်ဘူး

ကိုယ့်ကိုကိုယ်လည်း သိမ်ငယ်သွားတယ်။ ပတ်ဝန်းကျင် ကလည်းမှောင်လို့။ မှတ်တိုင် ကလက်ဖက်၇ည်ဆိုင်ထဲက လူတွေ ခုနေပျောက် ကုန်ရင်ကောင်းမယ်။

ခုတော့ ငါ ဘာလုပ်ရပါ့ နော်။

ထူပိန်းနေတဲ့ မျက်နှာနဲ့ ပြီးခဲ့တဲ့ စက္ကန့် ၃၀လောက် က အဖြစ်က စိတ်ထဲ ပြန်ဝင် လာပြီး ရှက် ရှက်နေတယ်။

လူကြီးမင်း စဉ်းစားကြည့်။

အဲဒီ့ ပိုက်ဆံ အခေါက်လေးတွေကို ကောက်မယ်ပေါ့။ကျွန်မ လှမ်းတယ် လှမ်းတယ်..။

ကောက်….ပြီ .အဲဒီ့ အချိန် ..ငုံ့ကောက်တဲ့ ကျွန်မ မျက်စိအောက် ကို ဖိနပ်တစ်ဖက် ရောက်လာတာ..

အား ပါး ပါး ..

ပလတ်စတစ်ကောက်တဲ့ ကောင်လေးတွေ..

သူတို့ရောင်းချပြီး ရလာတဲ့ ပိုက်ဆံလား .သူတို့ အမေဈေးဝယ်ခိုင်းတဲ့ ပိုက်ဆံလားမသိဘူး ။

ကားစောင့် ရင်း ထွေပစ်နေကြတာ တဲ့ ..

ကျွန်မ ကို က ပိန်းတာ ပါ။ လောဘဇောတက်ပြီး ဘာမှ လည်းမစဉ်းစား မိ။ဘာမှလည်း မမြင်။

တွေးကြည့်

တစ်ယောက်ယောက်များ ဒီ အဖြစ်ကို အစအဆုံးမြင်ရင် သေပြီဆရာပဲ နော်။

……………………………

အဲ့ဒီ့နေ့ကပေါ့ ။ရှက်ရှက်နဲ့ လာတဲ့ ကားပေါ်ပြေးတက်တာ.၂၀၇ ကြီး ..

သွားမှာက သမိုင်း..ရောက်တာက ရန်ကင်း…ဆင်းမိတော့ ဆရာစံလမ်း။

ကုန်သွားတဲ့ ကားခက ၂၀၀ ။……….ဟွန်း။


( သက်ပိုင်သူ ရေ ငါ့တာဝန်ကျေပြီနော်)