ကျွန်မကယောက္ခမဆိုတာကို မမြင်ဘူးခင်ထဲက လန့်တာနော်။ဓါတ်ပုံလေးမြင်မှပဲ…(ပိုလန့်..)အဲ စိတ်သက်သာတာ။
ကျွန်မ`ယောက္ခမ`ကမျက်နှာတော့ ချိုတယ်လေ.။ကြားရင် ငါက မျက်နှာလေးတော့ချိုတယ်ဆိုတော့ အူကပုပ်နေလို့လားမေးဦးမယ်….:P
ဟုတ်တယ်။တကယ်မျက်နှာချိုတာပါဆို..။လက်ကရွှေလက်ကောက်ကြီးကလည်း ၀င်းလို့ ထင်းလို့။ပြုံးပြုံးကြီးရပ်နေတာ…(ဓါတ်ပုံထဲ မှာလေ)
ကျွန်မကတော့ အများသိတော်မူကြတဲ့ အတိုင်းရှပ်ပြာပြာနဲ့လေ။အမေကဆို ´ယောက္ခမအိမ်ရောက်ရင် မိဘမျက်နှာပျက်မယ့်သမီးလေး´ လို့ ထောမနာ ပြုထားရှာတာ။အမေပြောသလို ယောက္ခမအိမ်ရောက်တော့ မျက်နှာမပျက်ပါဘူး..။မရောက်ခင် ..´မောင်´ကမိတ်ဆက်ပေးဖို့ ခေါ်သွားပေးတဲ့နေ့ကတည်း ပန်းအိုးလေးတစ်လုံးလားကွဲတာ။တော်သေးတာ က အဲ့ဒီ့ ပန်းအိုးက သူ့မေမေရဲ့ favourite ဆိုလား….။ဒီ့ထက်တော်သေးတာက အဲဒီ့ကတည်းက သူ့မေမေက ကျွန်မကို ကြည့်မရတော့တာတဲ့ရှင်။
အမယ် …အဲလိုတွေသာပြောတာ.ကျွန်မမှာ နံမည်ကြီး အားသာချက်တစ်ခုရှိပါသေးတယ်နော်။အဲဒါကတော့ ဟင်းချက်ကောင်းတာပဲ။အမေကလည်း ဒီတစ်ချက်တော့ ကျွန်မကို ယုံတယ်။အားလည်းပေးတယ်။ဒီလိုနဲ့ယောကျာင်္းရရင်ဒါလေးပဲအားကိုးပြီးနေရတော့မယ် ဆိုပြီး..သူ့ကို လက်ထပ်လိုက်တာပါပဲ။
ဟဲ ဟဲ…ကိုယ့်လက်ရာကိုယ် ´ ချစ်သည်းပိုင်´ဟင်းချက်နည်းလို့ နာမည်ပေးထားတာ `မောင်`ရော.သူ့အမေရောဘယ်သိပါ့မလဲ။ ကျွန်မ ´ချစ်သည်းလေး´နဲ့ သူ့အမေ ´ချစ်သည်းကြီး´ ကို ဒီနည်းနဲ့ ´ပိုင်´အောင်လုပ်မယ်ပေါ့။အားခဲလာတာ..တကယ်တမ်းလည်းကျရော..
ကျွန်မရဲ့ မေမေသစ်က အိုင်ဒီယာ ဘယ်လောက်လန်းတယ်ဆိုတာ အဲဒီ့ကျမှ သိရတော့တာပဲ။
သူကတစ်အိမ်လုံးကိုမေးတယ်။ဘာစားမလဲ ဒီနေ့ပေါ့..။တစ်အိမ်လုံးကပြောတာတွေကလည်း တစ်ယောက်ကို အသားတစ်မျိုးစီနော်။သူက ´အေး´ဆိုပြီး ကျွန်မကိုဈေးကို လွှတ်ပါတယ်။ကျွန်မကတော့ ဒီလောက် ဟင်းအမည်တွေအများကြီး ငါ လက်စွမ်းပြမယ်ပေါ့.။ဝယ်လာခဲ့တယ်။
အိမ်ရောက်လို့ မီးဖိုထဲလည်းဝင်မယ်လုပ်ရော..သူချက်မယ်တဲ့။စိတ်ဓါတ်နည်းနည်းကျသွားပေမယ့် `ရပါတယ်´ပေါ့။´ချက်ပေါ့`။အငြင်းမပွားပါဘူး။သူ့ အိမ်ကိုး။အဲ ..သူကဆက်ပြောတယ်..။
´ဇာခြည်´က Bio နဲ့ကျောင်းပြီးထားတာဆိုတော့ ..နောက်ဆိုရင် ကြက်သား.၀က်သားကိုင်တာ အကုန်လုပ်ရမယ်တဲ့`ပန်းပင်လည်းရေလောင်းရမယ်`တဲ့
ကျွန်မ ငိုချင်သွားတယ်။သူက Account နဲ့ ပြီးတဲ့ `မလဲ့´ကို ငွေကိုင်တဲ့။ အမယ်..IT နဲ့ပြီးတဲ့..´မေစန္ဒာ ကျ စာပို့တဲ့ အလုပ်တို့ .မီတာBillဆောင်တာတို့ ..ဖုန်းBill ..အင်တာနက် Bill ဆောင်တာတို့ လုပ်ရတာတဲ့နော်..
ချွေးမတွေကို plan ချတာတော်လိုက်တာ..။စိတ်ထဲကနေတွေးမိတာ က ငါ law တို့ Civil တို့ ယူခဲ့မိရင်ဒုက္ခလို့…
တော်ကြာlaw ယူမိလို့ ..ရပ်ကွက်ထဲ သူရန်ဖြစ်ရင် ကိုယ်ကသူ့ဖက်က လိုက်ရှင်းပေးရမယ်ဆို ဘယ်လို လုပ်မလဲ။
Civil ယူမိလို့ ခေါင်မိုးပေါ်တက်ပြီး အိမ်ပြင်ရမယ်ဆိုလည်း မနိပ်ဘူးနော်..

အဲဒီ့လိုနဲ့ သူဟင်းတွေချက်တယ်။သူချက်ရမှာတွေ ကြည့်ပြီး ဒီမနက်ငါ ဘယ်အချိန်ထမင်းစားရမှာလဲလို့ စိတ်ပူမိသေးတယ်။ အမဲသား၊၀က်သား၊ငါးဖယ်၊ကြက်သား၊..ငါးသလောက်လည်းပါသေးတယ်။အကုန်ချက်မှာဆိုပဲ။
အရည်သောက်က ချဉ်ပေါင်ဟင်း.။ကျွန်မလည်း(ယောက္ခမရဲ့ ဖော်မြုလာအရ) ကိုယ့်ပညာအဆင့်အတန်းနဲ့ ညီတဲ့ သားငါးကိုင်ခြင်း အလုပ်ပြီးပြီဆိုတော့ မီးဖိုထဲကထွက်ခဲ့တယ်။နောက် မိနစ် ၂၀လောက်နေတော့ ´ထမင်းပွဲပြင်ကြ.စားလို့ရပြီ ´တဲ့။အံ့ဩလိုက်တာ။ဒီခဏလေးအတွင်း ဟင်း၆မျိုးကျက်အောင်ချက်လိုက်တယ်ဆိုတာ တီဗွီမှာလာလာနေတဲ့ Yan Can Cook အစီအစဉ်က လူကြီးတောင် အဲလောက်မမြန်နိုင်ဘူး။ ဒါတောင် ဟိုက ချက်ပြီးသားတွေ ရိုက်ပြနေတာနော်.။`အကုန်ကျက်ပြီလားမေမေ´ဆိုတော့ ´အေး´တဲ့..။

လား လား ထမင်းစားမှသိတယ်။သူက ဂက်စ်မီးဖို ကို ၂ဖိုဖွင့် ၊ ဟင်း၂အိုးထဲနဲ့ချက်တာနော်။တစ်အိုးက အရည်သောက်ဟင်းပေါ့..နောက်. ဟင်းအိုး၁အိုးထဲမှာ..အမဲသား၊ကြက်သား၊၀က်သား၊ငါးဖယ်တွေ အကုန်ရောချက်တာ။ငါးသလောက် ပါနော်..။
ပြီး ကိုယ်မှာတဲ့ အသား ကိုယ်ရွေးစားရတာတဲ့…ဂက်ဖိုးရောလူရောသက်သာအောင်လေတဲ့ ရှင်းပြသေးတယ်။နောက်အမြဲအိမ်မှာအဲလိုချက်တယ်..အကျင့်ရအောင်လုပ်ထားလို့ သားတော်မောင်လုပ်သူကထပ်ကွန့်သေးတယ်။
နောက်နေ့ သူ့အမေ မရှိတဲ့အချိန်…
´ အဲဒီ့လောက် လန်းတဲ့ အိုင်ဒီယာ ရှင့်အမေနဲ့ ကျမှတွေ့ဖူးတာ ´လို့ပြောတော့ အမေချစ်သားကြီးက သိပ်ကြည်ပုံမပေါ်ပါဘူး ရှင်. ဟား ဟား ဟား………..။

သူငယ်ချင်းဘ၀..

´ဒါပဲနော်..ပျော်ရွှင်ပါစေ..´

ချစ်သူဘ၀..

´အရမ်းချစ်တယ် ..အရမ်းလည်းလွမ်းနေတယ်.. အစစ အရာရာ ဂရုစိုက်နော်..အဆင်ပြေတာနဲ့လာခဲ့နော်´

အိမ်ထောင်ကျတော့..

´ကားလက်မှတ် မရလို့ လိုက်မလာဖြစ်သေးဘူးနော်..အဆင်ပြေရဲ့လား..´

ကလေးလည်း ရ..

`ဖေကြီးရေ.. နာဂစ်ကြောင့် အိမ်ခေါင်မိုးကြီးလန်သွားတယ်

မေကြီးကို ပိုက်ဆံပို့ပေးဦးနော်..ကလေးတွေလည်း အရမ်းလန့်နေကြတယ်..`

ဒီလိုနဲ့ပေါ့……

………………….

`ကိုဘမောင်ရေ..ဒီတစ်ခေါက် ရှင် သမီးကြီးဆီက ပြန်လာရင် ကျုပ်တို့ အရှင်ဆေကိန္ဒ တရားပွဲလေးသွားရအောင်..နော်..´

ဟိုတလောက ပဲ သူ့ အလိုလို ၀င်ရောက်ခဲ့တယ်
ခွင့်လည်းမတောင်းဘူး
ချစ်လားမမေးဘူး။

` ကံ´ ကို ကြို မမြင်နိုင်ဘူး..တဲ့
ဒါပေမယ့် `ကံ´ ကို ကြို ပြင်ကြရအောင်တဲ့
ကတိတွေတောင်ပေးလို့..။

ဒီလိုဆွေးလိမ့်မယ်..ကိုယ်မသိပါဘူး..´မောင်´ ရယ်.။

ငါဆုပ်ကိုင်ဘူးတဲ့ သစ္စာ တချို့
ငါဆုပ်ကိုင်ဘူးတဲ့ ..မျှော်လင့်ချက်တ၀က်
ပြီး..ငါလေ ဆုပ်ကိုင်ပြီး ဆိုရွတ်ခဲ့ဘူးတဲ့ ..မြေစိုင်ခဲ နဲ့ သစ္စာဆုတောင်းတစ်ခု
ဘယ်သူ့ အတွက်ပြုခဲ့လဲ.
ရှင်းလို့ မပြချင်တော့ပြီပဲကွယ်..

ငါလေ.
်နင့်မေမေကို ငါ့မေမေလိုချစ်တယ်
နင့် ယုံကြည်ချက်ကို ငါ့ ယုံကြည်ချက်လိုချစ်တယ်
နင့်ကို ဘယ်လောက်ချစ်လဲ..ဒါဆို နင်မေးဖို့ မလိုဘူးဟယ်.

်နင်လေ ငါ့ကို အရင်က အရမ်းချစ်ဘူးခဲ့တယ်..
ငါလေ.အဲဒီ့အတွက်နင့်ကို ထာဝရ ပြန်ချစ်တယ်..

နားလည်မှုဆိုတာ ..ဘာလဲကွယ်.

ဝေးကွာသွားတဲ့ ´ ကြယ်´..
ခုတော့ ´ကြယ်မလေး´ ကို ထားခဲ့ပြီပေါ့ကွယ်...

…………………………………………(၁)……………………………………

ဘတ်စ်ကားမှတ်တိုင် ဆိုတာ သိတဲ့ အတိုင်း လူကများပါ့။ တစ်ကားတစ်စီးလာဖို့ကိုလည်း စောင့်ပေဦး။ အချိန်မှန်ထွက်တာ မဟုတ်တော့ ပို ဆိုးပေါ့။ အမယ် လာဖို့သာကြာတာ။လာမယ့်လာ ရင်လည်း ကိုယ်စီးချင်တဲ့ ကားမဟုတ်ဘူး။ ကိုယ်စီးချင်တဲ့ ကားဖြစ်နေရင်လည်း မပူနဲ့။လူက အပြည့်။

ပိုက်ဆံ မရှိလို့ စိတ်ညစ်ရခင်တုန်း လာလိုက်တဲ့ ကားတွေက လည်း နှစ်ဆင့်ပြောင်းစီးဖို့ လိုတာတွေချည်းပဲ။

မြောက်ဒဂုံကနေ သမိုင်းကို တိုက်ရိုက်ရောက်တဲ့ ၃၆ အနီက လိုရင်တော့ပေါ်မလာဘူး။၃၆ အစိမ်းချည်းပဲ ဆက်တိုက်လာနေတာ။ တင်းလာပြီ။အစိမ်းပဲ စီးပြီး တာမွေကိုတစ်ပတ် ပတ်ပြီး မြေနီကုန်းလိုက်သွားရမလို လို ဖြစ်လာပြီ။

သူငယ်ချင်းတွေနဲ့တွေ့ လို့ လက်ဖက်ရည်ဆိုင် ထိုင်ရရင်လည်း ပိုက်ဆံ ကုန်ဦးမှာပဲ။ ခု လို အချိန်မှာ ၁၀ လည်း ပိုက်ဆံ၊ ၁၀၀ ဆို ပို ပြီး ပိုက်ဆံ၊ ၁၀၀၀ ဆိုရင်လား ဟင်း ဟင်း ပိုက်ဆံ ပိုက်ဆံ ဆိုပြီး အော်ပြီးတောင် က နေလို့ ရတယ်။လူတွေများနော် ။မွေးကတည်းက စားချင် သုံးချင်စိတ်မပါအောင် ဆရာဝန်ကဆေး ၁ လုံး တစ်ခါတည်း ထိုးပေးလို့ ရရင် အပူလောဘတော်တော် ငြိမ်းမယ်။

(ဒါပေမယ့် အဲဒီ့ဆေးဖိုးကို တစ်သက်လုံးပြန်ဆပ်နေရအောင် ဈေးကြီးနေရင်လည်း မဖြစ်)

…………………..

ဟိုတွေး ဒီတွေး ..အဲဒီ့ အချိန်လေး..ပေါ့ ..။

ဘ၀မှာ ကိုယ်ဖြစ်ချင်တာလေးကို လက်ငင်းချက်ချင်း ကြုံ လိုက်ရရင် ဘယ်လိုနေလဲ။စဉ်းစားကြည့်နော်..။

ရှေ့မှာ ၁၀၀ တန် အခေါက်လေး ..အဲဒီ့ မလှမ်းမကမ်းမှာ နောက် ၅၀ တန်လေး။ တကယ်ကို နီးနီးလေး ။

ခြေထောက်နားမှာ..ငါ့ခြေထောက်နားမှာ။ စိတ်ကို မထိန်းနိုင်ဘူး ။ကောက်လိုက်မယ် ဟဲ့ ..လာလေ့..။

…………………………………………………………………

…………………………………………..

…………………………………..

…………… (၂)………………

စိတ်ထဲကနေ ကျိန်ဆဲမိတာများ အကြိမ်ရေ မရည်တွက်နိုင်ဘူး

ကိုယ့်ကိုကိုယ်လည်း သိမ်ငယ်သွားတယ်။ ပတ်ဝန်းကျင် ကလည်းမှောင်လို့။ မှတ်တိုင် ကလက်ဖက်၇ည်ဆိုင်ထဲက လူတွေ ခုနေပျောက် ကုန်ရင်ကောင်းမယ်။

ခုတော့ ငါ ဘာလုပ်ရပါ့ နော်။

ထူပိန်းနေတဲ့ မျက်နှာနဲ့ ပြီးခဲ့တဲ့ စက္ကန့် ၃၀လောက် က အဖြစ်က စိတ်ထဲ ပြန်ဝင် လာပြီး ရှက် ရှက်နေတယ်။

လူကြီးမင်း စဉ်းစားကြည့်။

အဲဒီ့ ပိုက်ဆံ အခေါက်လေးတွေကို ကောက်မယ်ပေါ့။ကျွန်မ လှမ်းတယ် လှမ်းတယ်..။

ကောက်….ပြီ .အဲဒီ့ အချိန် ..ငုံ့ကောက်တဲ့ ကျွန်မ မျက်စိအောက် ကို ဖိနပ်တစ်ဖက် ရောက်လာတာ..

အား ပါး ပါး ..

ပလတ်စတစ်ကောက်တဲ့ ကောင်လေးတွေ..

သူတို့ရောင်းချပြီး ရလာတဲ့ ပိုက်ဆံလား .သူတို့ အမေဈေးဝယ်ခိုင်းတဲ့ ပိုက်ဆံလားမသိဘူး ။

ကားစောင့် ရင်း ထွေပစ်နေကြတာ တဲ့ ..

ကျွန်မ ကို က ပိန်းတာ ပါ။ လောဘဇောတက်ပြီး ဘာမှ လည်းမစဉ်းစား မိ။ဘာမှလည်း မမြင်။

တွေးကြည့်

တစ်ယောက်ယောက်များ ဒီ အဖြစ်ကို အစအဆုံးမြင်ရင် သေပြီဆရာပဲ နော်။

……………………………

အဲ့ဒီ့နေ့ကပေါ့ ။ရှက်ရှက်နဲ့ လာတဲ့ ကားပေါ်ပြေးတက်တာ.၂၀၇ ကြီး ..

သွားမှာက သမိုင်း..ရောက်တာက ရန်ကင်း…ဆင်းမိတော့ ဆရာစံလမ်း။

ကုန်သွားတဲ့ ကားခက ၂၀၀ ။……….ဟွန်း။


( သက်ပိုင်သူ ရေ ငါ့တာဝန်ကျေပြီနော်)


အမည်..........................မြရေလျဉ်လေ.
ဘယ်လိုရတဲ့ idea လဲ.......တီဗွီမှာလောပိတရေအားလျှပ်စစ်စီမံကိန်းအကြောင်းကြည့်ရင်းက
အသက်.....................ရှူး တိုးတိုး ..အဲဒီ့မေးခွန်းကိုကျော်ပါ..:P
ဝါသနာ.....................သူများကိုအောင်သွယ်ပေးရတာ..( သက်ပိုင်သူ ရေ ဆက်သွယ်နော်)
အခုဘာလုပ်နေလဲ......Boss မရှိတုန်း ဘလော့ရေးနေတယ်လေ..ဟီး ဟီး
ဘ၀မှာ.....အင်း..
ရှိခဲ့တဲ့ အမှတ်တရတွေအကြောင်း......ဟောတော့်..ပြောရရင်အများကြီးလေ..သိချင်ရင်ဒီဘလော့ကိုလာ လာ လည်လေ..သိလာလိမ့်မယ်။
အကြိုက်ဆုံးအရောင်......အဖြူရောင်
အစားအစာ.........ရခိုင်မုန့်တီ
အကြိုက်ဆုံးကဗျာ..........´ ဖူးစာနတ်မောင်..သေနာကောင်သည်
ဘယ်ချောင်ဘယ်နား အလေသွားပြီး
ငါ့အားမေ့ထားခဲ့လေသနည်း´
ဘယ်အချိန်ကစပြီးစာရေးတာဝါသနာပါတာလဲ.........၉ တန်းနှစ်က.အိုင်လွယ်ပန် နဲ့ပေါင်းပြီးကတည်းကပဲ
ဘလော့ရေးရခြင်းရည်ရွယ်ချက်
.........´စိတ်ထွက်ပေါက်´ ရှိချင်လို့
ရေးဖြစ်သွားပုံလေးက.....................တစ်စုံတစ်ယောက်ကမြှောက်ပေးခဲ့လို့ပါ..ပြီးတကယ်ရေးတဲ့အချိန်ကျ အားမပေးနိုင်တာလည်း သူပါပဲ..မြှောက်ပေးပြီးကာမှ မှားမှန်းသိလို့လည်းဖြစ်မှာပေါ့
မေးခွန်းတစ်ခုမေးမယ်နော်...မေးပါ
အချစ်ကို ဘယ်လိုမြင်လဲ.............သိချင်တယ်ပေါ့..
`ဒီဘလော့ကို..လာ လာ ဖတ်ပါဆို´..ဟား ဟား
Blogger သူငယ်ချင်းတွေနဲ့ လာလည်သူတွေကိုဘာပြောချင်သေးလဲ?

ဟီး ..ပြောချင်တာတွေကို ကိုယ့်ဖာသာကိုယ်မေး..ကိုယ့်ဖာသာကိုယ်ဖြေခဲ့တာကို
ဘာထပ်ပြောရဦးမှာလဲ ..:P