Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
ထူးထူးထွေထွေ မရှိဘူး
ပိုမကောင်း ပိုမဆိုး
ရိုးရိုးလေးနေ့...။
ထူးထူးထွေထွေ မရှိဘူး..
ခါတိုင်းလို အိပ်မက်ဆိုး မမက်တဲ့နေ့ ...။
ထူးထူးထွေထွေ မရှိဘူး
ခါတိုင်းလို တောင်ပြေးမြောက်ပြေး
သစ်ခြောက်ပင်ဆွေးလို
သေမယ့်နေ့ကိုလဲ မငေးရဘူး..။

ထူးထူးထွေထွေ မရှိဘူး
ရင်ထဲက ပူသလိုလို
ငိုချမရလို့ ဆွေးသလိုလို
မူးမိုက်မတတ် ခွေကျနေသလို
ဘာဆိုဘာမှ မရှိဘူး..။

ထူးထူးထွေထွေ မရှိပါဘူးဆို..
မရှိပါဘူး ထူးထူးထွေထွေ

စိတ်တွေပဲ တေလေ
တေတယ် လေတယ်..
ပေတယ်
အမေရယ်.. ၀င်စိတ်မပူပါနဲ့..
ကျွန်မမှာ ဘာမှ ထူးထူးထွေထွေ မရှိတော့တာ ကြာပါပြီ..။
ဆွံ့အ သူကို အကျဉ်းချထားသလိုလဲငါနေရမယ်
အဆိပ်ခွက်ကို မကြောက်လန့်သလိုယောင် လဲ ဟန်ဆောင်ရတယ်....
မျှော်လင့်ချက်ကို ....ကုထုံးတစ်ခုလဲ ..ထိုးကွင်းခတ်ရမယ်....။

ကံကြမ္မာရယ်..
နင်ကပဲ ပလီပလာလား
ငါကပဲ သေမယ့်ကျားလား

ခေတ်မကောင်းကာမှ တောပြောင်းမိတဲ့ကျား...
ဘူးလေးနေသူကိုမှ ဖရုံဆင့်ဖို့သွားတယ်..
အားလုံးက ၀ိုင်းဟားကြရုံပေါ့...။

ငါဘာမှ မလုပ်ခဲ့ဘူးမပြောပေမယ့်
ငါဘာမှ မသိခဲ့ဘူးလို့ ဒူးထောက်ကျိန်ဆို..
နဂိုကကို ငါက သူပါ...။

နဂါးမျက်စောင်းလို့ပြောတိုင်း
သူ့အကြောင်းပဲ ခေါင်းထဲပေါ်လာ
ရွေးစရာ အကြောင်းသုံးပါးက လွင့်လို့..ဝေးလို့..
နှစ်ချို့နေတဲ့ ၀မ်းနည်းမှုက အသင့်ပို့တယ်..
မာနတွေနဲ့ဝေးရာဆီ.........

လက်ဆုပ်လက်ကိုင်..
တစ်ခုခု ပြစရာ မရှိတဲ့ အခိုက်မှာ..
ခပ်မိုက်မိုက် ရင်ကော့

ရော့ ..သတ်စေ
ငါဒီလိုတွေပဲ ပြောတတ်တော့တယ်..။

လွှတ်ချလိုက်
လွှတ်ချလိုက်
အာရုံတွေ ပြန်လာဖို့ဆို
ငါက အရင်လွှတ်ချလိုက်............
ဩော် ....လွှတ်ချလိုက်ပါ ဆိုတာကိုပါ တစ်ခါထဲ လွှတ်ချလိုက်..။

မိုက်မိုက်မှားမှား ရှိခဲ့မယ်ဆိုလဲ
ရင်ဘတ်တစ်ခု.
ချစ်ခြင်းတစ်စုံ
အကုန်အစင်မပြောဖြစ်တဲ့ စကား
ပါးပါးလေး ပြန်ရှု..
ဘ၀အစုစုက အားနည်းချက်နဲ့ငါ..
ပြောလို့ပြောတာ မဟုတ်ဘူး..။
ဘ၀တူတွေပဲ ခုအချိန်ဦးချ......
တသသနဲ့

ရာဇ၀င်ထဲက လှိုင်ထိပ်ခေါင်တင်ကိုတော့ အဓိကပေါ့..။






ညတစ်စင်းကိုက မာယာ
လတစ်မင်း ငိုရှာတယ်
ငါ့သီချင်းအဆိုဟာ
ကမ္ဘာ့အလင်းကိုမှ ဖြိုရှာတဲ့ ကျိန်စာတစ်ပုဒ် အဖြစ်ပြောင်း
ခြောက်အိပ်မက်တွေ   ကသောင်းကနင်းပေါ့..။
နေသားတကျ ပြန်ထားဖို့ စိတ်အကြေအမွတွေကို တစ်စ စီဆက်တယ်
လက်တွေကပဲ ရှတသွေးယို
ငါ့အားထုတ်မှုတိုင်းက အပို...။
ငါလိုအပ်နေတယ်
ငါလိုအပ်နေတယ်
ငါညံ့ဖျင်းနေတယ်
ငါ့ညံ့ဖျင်းနေတယ်
ငါကျရှုံးမှာပါ
ငါကျရှုံးမှာပါ
ငါဘာမှမသိဘူး
ငါဘာမှမသိဘူး
ဟုတ်ပါ့
သူပြောသလိုပဲ
ငါဘာမှနားမလည်ပါဘူး
ကကြီးပြီးရင် ခခွေး
ထမင်းစားပြီးရေသောက်
ဖြစ်ချင်တာမဖြစ်ရင်စိတ်ကောက်တဲ့ လူ့ငနွားမလေးပေါ့။
သွေးကတော့တောင်းတယ်
အမှောင်ကိုချစ်တယ်
အခန်းကျဉ်းကိုချစ်တယ်
ကိုယ့်ဒူးနှစ်လုံးကို ကိုယ်ပြန်ပိုက်နေရတာလောက်နဲ့ အားကို ပြန်မွေးတတ်လာတယ်။
ခေါင်းငိုက်စိုက်ချမယ်
သက်ပြင်းတွေရှိုက်မယ်
အနားကိုလူတွေလာရင်မကြိုက်ဘူး
အဲ
အနားကိုလူတွေ မလာရင်လဲ မကြိုက်ပြန်ဘူး
ရယ်ချင်သယောင် ဟန်ဆောင်
ချောင်တစ်ချောင်ကျမှ ငိုငိုချ
ဩော်...
ဝဋ်ကြွေးက ပြဇာတ်ဆန်တယ်..။
ကြံကြံဖန်ဖန်တွေးကြောက်
ကျွန်မက စိတ်နောက်နေသူပါ..။
ခုရယ် ခုပြုံး
ခုငို ခုပြို
ခုချစ်ခုမုန်း
စိတ်ခံစားချက်ကို လက်တစ်လုံးပဲခြားထားတယ်
ကဲ
သနားကြပါ..။

အိပ်မက်ဆိုးထဲမှာတောင် အိပ်မက်ဆိုးမက်တယ် လို့ ၀င်မက်နေတယ်..။
ရော ခက်ပြီ...

ခေါင်မိုးပေါ်ကို မိုးစက်ကျသံကြားတိုင်း
မြင်းတစ်ကောင်လိုလဲ ဒုန်းစိုင်းထွက်ပြေးချင်သေးတယ်..။

ကြည့်လိုက်ကြပါဗျာ
ကျွန်မရေးနေတဲ့ ကဗျာ
ကဗျာက ကဗျာမမည်
အနာတွေနဲ့ ဖွဲ့တည်လို့
ရောက်တတ်ရာရာ
ကစဉ့်ကလျား...
ကဲ အားလဲနာတယ်
ဒီမှာတင် ..ရပ်
တစ်ခုတော့ မှတ်ပေးကြပါ..
အရူးတစ်ယောက်ရဲ့ ဈာပနမှာ အားလုံးကိုမြင်ချင်လိုက်တာ.......






ဟန်နီ
တစ်ဘ၀လုံးလို့ပြောဖူးသလိုလိုပဲ
ဟန်နီ
အရုဏ်တက်တိုင်းကို ငါအရင်လို မကြိုဆိုတတ်ခဲ့
ဟန်နီ
ကြင်နာတာတွေ ခပ်ဝေးဝေးမှာ
နာကျင်တာတွေ နီးနီးလာတယ်
ဟန်နီ
ကျွန်မ လက်တွေ မြှောက်ပြလိုက်တိုင်းမှာ
အဓိပ္ပါယ် နှစ်မျိုးကတွဲကပ်ပါခဲ့
လာပါလို့လဲ ခေါ်ချင်တယ်
ပြန်ပါလို့လဲ ပြောချင်တယ်
ဟန်နီ
မုန်တိုင်းစဲချိန်ရောက်လာပေမယ့်မုန်တိုင်းကျချိန်ကဒဏ်ကြောင့်
ငါနေရောင်ကိုစွန့်ရလိမ့်မယ်..။
ဟန်နီရေ..................
ခပ်ကျယ်ကျယ်အော်မယ်ပြင်ကာမှ
အသံတွေက တိုးတိတ်
ကျွန်မတစ်ဘ၀လုံး
ပျော်ရွှင်ခြင်းက ထာဝရအိပ်စက်သွားတော့မယ်....



တစ်ခုခု ဖြစ်နေပြီလို့ သိလိုက်တဲ့အချိန်မှာ
တစ်ခုခုက ထပ်ပျက်ပေါ့..
မနေ့က မနက် အိပ်ရာထတဲ့ အထိတော့ အားလုံးက အကောင်း
မက်နေကျ အိပ်မက်ကလဲ မဟောင်းသေးဘူး။


ကံဆိုးကံကောင်း နဲ့ တစ်ချပ်မှောက်ခဲ့တာ မဟုတ်တော့
ရှုံးထွက်ပွဲပေမယ့်
ရုန်းထွက်ဖို့က ချီတုံချတုံ
မာန်ဟုန်ပြင်းပြင်းနဲ့
မျှော်လင့်ခြင်းတွေပြည့်မီဖို့ ပြန်ဆက်
ချစ်သက်လက်ဆောင်ကိုတောင်ထုပ်ပိုးလို့..။

ဒီလိုပါပဲ ..ဘ၀သံသရာရယ်
အချစ်ကို ၀ဋ်နာကံနာ လို့ ငါ(ခုထိတော့)တစ်ခါမှမသတ်မှတ်သေးပါဘူး..။
ဘယ်သူမပြု မိမိမှုပေါ့
ဒုတိယံပ္ပိကြေကွဲနေ့ညတွေကတော့
လမ်းဘေးမီးပွိုင့်တွေလို စိမ်းရာက ၀ါ
နောက်ဆုံးတောီ့ သွားတော့မှာပါ။

လမ်းဆုံးကို ငါသိတယ်
ကျေးဇူးပြုပြီး လမ်းထပ်မပြကြပါနဲ့..

ရယ်သံတွေတိတ်တိတ်လာတဲ့ ငါ့ရင်ကွဲနေ့တွေမှာ
ငါ့ဖာသာငါပဲ တစ္ဆေလုပ်ပြန်ချောက်မယ်..။
ချစ်နေဆဲပဲ လို့တော့ ပြော ပြောပြီး မနောက်ပါနဲ့ဟယ်။

အမှတ်တရ ကို တဆိတ် Sign out လုပ်ပေးပါ
အတိတ် ဆိုတာ သေဆေးလား..။
ဒီလိုနဲ့
အဖြေပေးမခံရတဲ့ ပုစ္ဆာတွေကတော့ ခုထက်ထိ ငုတ်တုတ်..။
တစ်ခါတစ်လေတော့
အမှတ်အတေးတွေနဲ့ လာလာ လှုပ်တယ်..။
ပေးဖူးတဲ့နားလည်မှုတွေ အရင်းပြုတ်..
ငါကိုယ်တိုင်ဆုပ်မိခဲ့တဲ့ ဆူး.......
မစားပါဘူး..
ရူးမယ်ဆိုတာ သိတယ်..
ရူးမယ်ဆိုတာပဲ ကြိုသိလိုက်တော့တယ်..။
ရူးလိမ့်မယ်လို့ ကြို သိထားလိုက်ပါတော့ တယ်။
လောလောလတ်လတ် သင်ခန်းစာပေါ့လေ..
သရုပ်လဲ မပျက်နဲ့
အလုပ်လဲ မထွက်နဲ့
ရုတ်တရက် ဆိုတဲ့ အခါတိုင်း..
မိတ်ဆွေစစ်ကလဲ ရှား ရှားသွားတယ်....။

ဒါပေါ့ လောက
မနာလိုသူရှိမယ်
အသာလျှိုသူရှိမယ်..
ကိုယ့်အလှည့်ကိုတော့..လာမမေးနဲ့ဦးလေ..
သဒ္ဒါတိုတာလဲ မဟုတ်ဘူး..
အထာပိုတာလဲ မဟုတ်ဘူး...။
တစ်ရာ နှစ်ရာတောင် ပရိဟိတ အတွက် မပိုခဲ့တာလဲ....ငါဖက်က အလွန်..။

မိတ်ဆွေတွေပါ လို့ပြောပြောပြီး ပုခုံးဖက်ပြီးပြုံးပြလိုက်တိုင်း..
ပြုံးပြပြီးမှ ပုခုံးဖက်လိုက်တိုင်းရောပေါ့.....
ငါ့ ရင်ထဲက ကျောချမ်းတယ်.....။
ငါပြန်လွမ်းတာ အမေပဲ
သူကပဲသေချာတယ်..
စိတ်ချရတယ်
အာမခံကောင်းတယ်....လေ..။

စောသေးတယ် လို့ ကျောပေးလိုက်ချိန်မှာ
အပြောလေးတွေ ဆင်ခြင်ပေးကြပါ..။
အချစ်က သပ်သပ်
အတ္တက တခြား
ငါ့ဘ၀ အဆင်မပြေတာနဲ့ကတော့ အဲဒါတွေနဲ့ လားလားမျှမဆိုင်ဘူးလို့ ပြန်ပြောချင်လိုက်တာ..။

လူအလစ်မှာတော့ ဘယ်သူက မချစ်ဘူး
ဘယ်သူကချစ်တယ်..ဆိုတဲ့
ခင်တွယ်မှုအမြစ်တွယ်စကားတွေ မပြောချင်ဘူး
နောင်တစ်နေ့ကျ ယူပစ်သလိုပျောက်သွားမှာလဲ..အဲဒီ့အလ္လာပ သလ္လာပတွေပါပဲ

ဒီပါးစပ်ကတော့ ချစ်တယ် လို့လဲ ပြောဖို့ခက်..
မုန်းတယ်လို့လဲ အလကားသက်သက် တစ်ဖက်သားကို မပြောရက်လို့..............
ခင်ဗျားတို့လက်နက်ကိုတော့ သိမ်းပေးထားကြပါ..ကုတ်အင်္ကျီဝတ် လူတန်းစားတို့ရယ်..။
နှုတ်ခမ်းမွှေးတကားကားနဲ့ သူတို့တဟားဟား ရယ်တိုင်း..
ငါ့စိတ်တွေလဲ ရိုင်းတယ်..။
ကိုယ့်ကိုယ်ကို လဲ သူတော်ကောင်းပါလို့မှ မနှိုင်းဖူးတာ..။


ကိုင်း ..တာ့တာ
လူ့လောက မာယာတွေကို လက်လျှော့
ချစ်သူလက်ပျော့ပျော့လေးကိုပဲ ကိုင်..
ကမ္ဘာကုန်တိုင်အောင်ပြေးထွက်..
မျက်ရည်စက်လက်နဲ့မှ မနေချင်တော့တာပဲ မေမေ..။
တိမ်တွေကိုဆုတ်ကိုင်ပြေးချင်သူ....ငါ
ငါဟာ လက်တွေ့မကျဘူး။

မြက်ခင်းတွေပေါ်လှဲအိပ်ချင်တဲ့....ငါ
ဘ၀ရဲ့ရှေ့ရက်တွေအကြောင်း ခေါင်းထဲမထားချင်ဘူး။

မိုးရေထဲမှာ ပြေးနေချင်တဲ့..ငါ
ငါဟာ ခေါင်းရှောင်တတ်သူပါ။

အဆင်သင့်နေ အဆင်သင့်စား
ဘာမှ ဗျာမများချင်တော့ဘူး။

မပြောကြပါနဲ့..
လူတွေက မာယာများတယ်လို့
ဟန်ဆောင်တတ်တယ်တို့
အတ္တကြီးတယ်တို့
နောက်ပြီး ငွေရှိမှဖြစ်မယ် ဆိုတာတို့..တွေလေ.။
ဖြစ်ချင်တာဖြစ်ပေါ့
ငယ်ငယ်ကတည်းက မေမေပြောတဲ့ နတ်သမီးပုံပြင်တွေပဲ ကြားဖူးနေတဲ့ငါ..
ဒီလူ့လောကမှာ မယဉ်ပါးလာဘူး။

ရဲတိုက်ကြီးရှိတယ်
တန်ခိုးရှင်ရှိမယ်
စိတ်ထားကောင်းလေး တစ်ခုပါမယ်
ဘုရင်ကြီးပါမယ်
နတ်သားလေး ဒါမှမဟုတ်ကြင်နာတတ်တဲ့ မင်းသားလေးပါမယ်..။

အဲဒီလိုနဲ့ ပုံပြင်လေးတွေ ပြီးပြီးသွားတယ်။

အတ္တနဲ့ငွေ ကအဲဒီ့နေရာမှာအချည်းနှီးပဲ။

ဒီလိုအတွေးနဲ့ ငါ..
ဘာတွေပဲ အဆင်မပြေ မပြေ..

မေမေ လို့ တ ပြီးအော်..
နတ်သမီးပုံပြင်တွေကိုတော်တော် လွမ်းသွားတယ်။
ကမ္ဘာတစ်စုလုံးစာပါ
အရာတစ်ခုလုံး ထက်လဲ သာတယ်ပြောလို့
ကပျာကယာ
ခေါင်းငုံ့ ကြည့်လိုက်တယ်။

သူရေးတဲ့ ဘယ်ကဗျာတစ်ပုဒ်မှာမှ
ငါ့အမည်နာမ ....................................
မတွေ့ခဲ့ရဘူး...............................။
ဥယျာဉ်တစ်ခုလုံး သူ့အတွက် ပျိုးချင်တာပါ
ဖြေမပြေနိုင်အောင် အငြိုးတွေနဲ့ အုပ်မိုးကြည့်ခံရတော့
သတ္တိတွေ တိုး ..တိုး
သွားတယ်
(ငါပြောချင်တာက တိုးတိတ်သွားတယ်လို့...)

အလင်းလေးလို
အိပ်မက်လို
တောက်ပတဲ့ ပန်းသီးလေးလို
နောက်ပြီး ...ချိုမြတဲ့ ပန်းတစ်ခင်းလို
စိမ်းလန်းတဲ့..စကားလုံးတွေလို

ပျော်ရွှင်စွာမျှော်တယ်.

ပျော်တော်ဆက်တတ်လာတာတောင် နှစ်တွေညောင်းချိပေါ့.
အလိုလို (ခေတ်မီမီပြောရင်အော်တို)
ငါက အော်ငိုကာနီးတိုင်း ရယ်တတ်လာတယ်..

သူမသိဘူး
နောက် သူ့ရဲ့ သူမ လဲ မသိခဲ့ဘူး
ငါရူးအောင်ချစ်ခဲ့ဖူးတာကို..

ဒီလိုအလိမ်ကောင်ပါကွယ်..
ဟန်ဆောင်ပန်ဆောင်နဲ့
မချစ်တတ်ချင်ယောင်ဆောင်ရတယ်

တစ်ခါတစ်လေ သူကိုယ်တိုင်ကတောင်
ကြောင်တောင်တောင် လို့
အထင်ခံရသူပါ..

အရူးကွက်မနင်းပါဘူး
အထူးလျှို့ဝှက်ချက်အနေနဲ့တော့

သူငယ်ချင်းတစ်ယောက်ကို သူငယ်ချင်းနဲ့မလောက်အောင် ပို ပို ချစ်ခဲ့တယ်.............


ဇာတ်သိမ်းတော့..

..
ဘယ်လိုဥယျာဉ်ပြန်ပျိုးပျိုး
ငါကိုက မိန်းမဆိုး ဖြစ်နေတယ်တဲ့ကွယ်....
ရိုးရိုးသားသားတောက်ပပါလား
အဆင်တွေ ပွေရှုပ်နေချိန်မှာ..။

Branded , Standard တဲ့
မက်လောက်အောင်ပြောတော့
ငါထင်တာ အချစ်က ဈေးပိုပေါသွားတယ်။

လက်ဖျားတွေ ခါခါပြတယ်
လိုက်မမီအောင်ရူးပြတယ်
မူးတယ်
အချစ်က မူးတယ်
အချစ်ကို မူးတယ်..။

ကြုံလာဖူးတဲ့ သမိုင်းဦးကလဲ မကောင်းခဲ့တော့
ရွှေရောင်မြင်လဲ မယုံချင်
နေရောင်မြင်လဲ မလှုံချင်
ယုန်ထင်ကြောင်ထင်နဲ့

အချစ်ကိုကြောက်တယ်.။
နောက်တယ် ဆိုတာ တစ်ချိန်တုန်းကရင်ခွင်ဦးရဲ့ အသည်းခွဲစကားတစ်ခွန်းပေါ့.။

လူပီပီပျော်ဖို့
အိမ်ယာတည်ထောင်ကြမယ်ဆိုတော့လဲ
လက်ဆုပ်လက်ကိုင်နဲ့
ရင်ဆိုင်ပြစရာက သင်ခန်းစာတစ်ချို့ပဲကျန်တော့တယ်


ပီပီပြင်ပြင်.............

မြတ်နိုးသူရေလို့
ခေါ်လိုက်တဲ့ အခိုက်မှာ
ချစ်မိုးမစွေတော့မှာ

နောက်တစ်ကြိမ် စိုးတယ်..။
ငါ့ ဖောက်ထားတဲ့ လမ်းကိုတောင် ငါဟာငါ ပြန်ရွှေ့
နင့်ဖို့် အနာဂတ်နေ့ ကိုး.................

ငါ့လက်တွေ ကြမ်းရှ.....
နင့်ရဲ့ `အာရုံခံစားမှု´ အတွက်တော့ အရသာမဲ့
သိထားဖို့က နင်ချမ်းရင် ခြုံတဲ့စောင်ကို ဒီလက်နဲ့ ချုပ်ဖြစ်ခဲ့..
တစ်ခါတစ်လေ..
နေစရာ စားစရာ အတွက်မြေယာတွေ ငါ ဒီလက်တွေနဲ့ ထွန်ယက်ခဲ့လို့..
`သာယာမှု´ ကို ပေးတတ်ဖို့ဆို ငါက `၀ိုင်`လို မချိုခဲ့ဘူး..

နင်ပြန်ကြည့်ပေးမယ့်အပေါ်ယံအတွက်
ငါ့ဖက်မှာ မှန်မရှိပါဘူး.

ကူးပါသန်းပါ..
လွမ်းလိုက်စမ်းပါ တခြားတစ်ယောက်

ငါကလေ နင့်ကို တအားသဘောပေါက်တယ်.။

စာနာစိတ်ကိုအားကိုး
တိုးတိုးလေးငို..ဒီကမ္ဘာပဲ မပြိုအောင်ထိန်း
နင်တိမ်းချင်ရာတိမ်းပါစေ.။
ခဏတဖြုတ်တော့ ငါသိမ်းထုပ်ထားတတ်ပါတယ်..။

ဒီလိုနဲ့ တစ်ကိုယ်ရေည..
အဆုံးကနေ အစပြန်ရောက်ဖို့
ပျောက်သွားတဲ့ နေ့တွေကို ပြန်ရှာ
ငါတစ်ယောက်ထဲနေတတ်လာတယ်..။

တစ်ခါတစ်ခါ
(သူအကြိမ်ကြိမ်ပြောဖူးတဲ့)
သစ္စာဆိုတာ
သစ္စာဆိုတာ
သစ္စာဆိုတာ..
................
.........................။


ပုစ္ဆာတွေတော်တော်ပေးနိုင်ခဲ့.။













´
ရှုံး...... ရှုံးသွားမှာစိုးတယ်

ငါက အပေါ်ယံကြည်ပေမယ့်
အတွင်းမှာ အိုင်နေတဲ့ ...ပုံဆောင်ခဲတစ်ခုပါ
ဘယ်သူ့ ဘယ်သူ့ကိုမှ အပြစ်မတင်တတ်တော့
ဘယ်သူ့ဘယ်သူ့ကမှ အားမနာတတ်ခဲ့ဘူးကွယ်
ပြောလိုက်ပါရစေ
..
ချစ်သူရေ
ငါဘယ်သူ့ဘယ်သူကိုမှ မရည်ရွယ်ပါဘူးကွယ်.လို့

လွန်လေပြီးသောလား
တစ်ချိန်ကလား..
ကြာမြင့်နေတဲ့ အတိတ်လား
ငါက နင့် သမိုင်းမှာ
ခုတော့ ရိုင်းလောက်နေပါပြီ..။..။

ဒီရင်ထဲက နေရာတစ်ခု ကို ရောက်ဖို့ရယ်
ဒီရင်ထဲမှာပဲ ခြေရာတစ်ခုဖျောက်ဖို့ရယ်
တစ်ပြိုင်နက်ထဲမှာပဲ နင်ကျွမ်းကျင်ခဲ့တယ်..။


“က” လက်စ ကြိုးတွေဖြတ်ပါ..။
ငါက ၀ါသနာရှင်အဆင့် သက်သက်..။
မာယာရဲ့ နရီစည်းဝါးကို
ငါလိုက်မမီခဲ့..။

ဒီကြိုးကို ဖြတ်ပါ..
နင်ငါ့ကိုလွှတ်ပါ..
အဝေးဆုံးကို တစ်ခုခုအော်ရင်းပြေးလိုက်ချင်ရဲ့
မုန်းတယ် ဆိုတာမျိုးပေါ့..။

ခက်နေတာ
ဒီမျက်လုံးတွေကို ငါမရုန်းနိုင်ခဲ့...တော့..။

ရှုံး..ရှုံး သွားမှာစိုးတယ်..။

တိမ်လိုပြာကြည့်တယ်

နေလိုပူကြည့်တယ်

အပေါ်စီးမဆန်တတ်တော့လည်း မတန်ဘူးကွယ်

မြေလိုမာကြည့်တယ်

မြက်လိုပေါက်ကြည့်တယ်

အောက်ကျခံရတာလည်း မသက်သာပါဘူးဟယ်

ရေလိုအေးလိုက် ၊လေလိုပြေးလိုက်

အချစ်ကိုတွေးလိုက်၊အမုန်းနဲ့ဆွေးလိုက်

မိုက်တယ်..

(တကယ်ပြောတာ.)

မိတ်ဆွေ ..ညိုဝါ၀ါကော်ဖီတွေကို သင်ကြိုက်ရင်

ဘ၀ က တိုက်ဖို့ ကြိုဆိုနေတာ အဆင်သင့်ပါပဲတဲ့.။

ရှက်ဖို့ကောင်းပေမယ့် လက်တို့တောင်းချင်မိတဲ့

တစိချို့တစ်ချို့သော ကံကောင်းမှုတွေ..။

ပြောသာပြောတာပါ..

တကယ်တော့ ကံကောင်းမှုဆိုတာလည်း အချောင်တော့မရပါဘူး.။

လူတိုင်းကပြောတယ်

မောတယ် ဆိုတဲ့စကား..။

အင်းသွားတော့သွားရမှာပဲလေ..။

ငါကိုက( အိုင်လွယ်ပန်ပြောသလိုဆို)

၃၁ဘုံက ပဲကို။

ကြုံရာမှာပျော်ဖို့ဆိုတာကရော..

တော်ရုံခွန်အားနဲ့ မရဘူး..။

ဖြစ်နိုင်ရင်ပေါ့လေ..

သတိ..လမ်းကွေ့ရှိသည်.။

ခွေးကိုက်တတ်သည်..။

ဒါမျိုးဆိုင်းဘုတ်တွေကြိုကြိုရေးတတ်တဲ့ဘ၀မှာ

လူလာဖြစ်ချင်တယ်။

ဘာလို့လဲ……..

ကောင်းသည်ဖြစ်စေ..ဆိုးသည်ဖြစ်စေ

ကိုယ်မသိလိုက်ခင်မှာ ပြောင်းလဲပြီး ဖြစ်ဖြစ်နေတဲ့ ရုပ်ရှင်ဆန်ဆန်ကံတရားရယ်..။

နင်ကသိပ်ဖြူစင်တာပဲလို့ပြောပြောပြီး တစ်ပတ်ရိုက်သွားတဲ့..မျှော်လင့်ချက်တွေရယ်..။

နာကျင်စရာကြုံတိုင်း ရှေ့ကထွက်လာပြီး ခုန်ခုန်ချတတ်တဲ့ မျက်ရည်တွေရယ်…၊

နောက်ပြီး

မပိုင်မနိုင်ကျက်ထားတဲ့စာတွေကို ၀ါးချနေသလိုမျိုး

အချစ်ကိုလုံးထွေးပြီးငါ့ရှေ့မှာပြန် ပြန်ဆိုပြတဲ့ချစ်သူတစ်ချို့ရယ်..က

ဘ၀ရဲ့ထောင့်ချိုးကျမှပေါ်ပေါ်လာတတ်လို့ပါ..

ဒီလိုနဲ့ တိမ်လိုလည်းမမြောက်..စိန်လိုလည်းမတောက်..

မြေလိုလည်းမမာ..နေလိုလည်း မ သာ..

လူဂွစာ သာသာနဲ့အန္ဓတစ်ကောင်ရဲ့မာယာတွေလို

ပေါတောတောနိုင် နိုင်လာတယ်

ကုန်ကြမ်းအဖြစ်ပါလာတဲ့..အကောင်းမြင်စိတ်လေးကလည်း

သုံးရဖန်များလို့ အရောင်တွေမှိန်..

အကြိမ်ကြိမ်တော့ ဆက်ပြောနေတုန်း…။။

`စိန်လိုက်´ ဆိုတဲ့စကားလုံးတွေကို..။

ဘယ်သူကတော့ ငိုချင်မှာလဲ

ဒီလိုပဲ ဘ၀က ဆိုးလာတာ

ရုပ်မလှရင်

ဓန မလှရင်

ဘ၀ မလှရင်

နောက်..

အယူအဆ မလှရင်

ဘယ်သူ့ဘယ်သူ ကမှ ဇာတ်လိုက်လို့ မထင်ဘူး..။

ဇာတ်တော်ထဲမှာ ဒီအတိုင်း

ပုံပြင်ထဲမှာလည်း ဒီဒီဇိုင်း.

ရုပ်ရှင်ထဲမှာလည်း ဒီလို လိုင်းပါပဲလေ..။


သယ် ...ရိုင်းလိုက်လေ

ရေဆုံးရေဖျား မူလအရင်းခံကို မရှာကြပါလား..။

သနားဖို့ဆိုတာ ဝေလာဝေး

ကဲ လူကြမ်းတွေဆွေးရော..။

ထားပါ ဘယ်သူ့ အတွက်မှ မတွေးတော့ဘူး

ရုပ်ဆိုးမလေး ရင်မှာလည်း ဆူးစူးနေပါတယ်.။

ရုပ်ကလည်းမလှ ဓနကမွဲ

ဘ၀ကလည်း ဆင်းရဲ..

အယူအဆလေးတွေလည်းတစ်ခါတစ်လေလွဲတယ်.

ခံစားချက်လေးက မ၀တ၀..

အဲဒီ့ကျွန်မကိုလေ..

တစ်ချို့ကပြောတော့ ရိုင်းတယ်

တစ်ချို့ကပြောတော့ ဆိုးတယ်

ကျွန်မရင်မှာတော့ အညှိုးတကယ် မရှိဘူး

ကျွန်မလည်း လှချင်တာပေါ့

ရူပါ၊စိတ်ကူး၊ဓန နဲ့ဘ၀ထူးဆို

အရူးတောင် လိုချင်တယ်

ကဲ...။




(၁)သိမ်းလိုက် ထုတ်လိုက်နဲ့ အလုပ်က ရှုပ်ပါတယ်..

မုန်းမုန်း နဲ့ ပြန်ပြန် ကြည့်နေလည်း..

အဟောင်းက အဟောင်းပါပဲ..။

(၂)အရင်ကတော့

ဒီလူ့လက်တစ်ဖက်ကို

ဒိုင်းတစ်လက်လို ကိုင်

ထိုးနှက်လာသူတွေ ကို ယိုင်အောင် ပြိုင်ဖူးတယ်

မှိုင်တွေတယ် ဆိုတာဘာလဲ..

ချစ်သူကို တိုင် တိုင်ပြောရတာ အမော..။

အမေကပြောတယ်

သင်္ခါရသဘောတွေ..

ပြောလည်းပြောပြောပေါ့…

သူသာမောမယ်..

ဘာတွေကို စောကြောမလဲ..

အချစ် ဆိုတာ ငါ့ရင်ထဲက အားအပြင်းဆုံး အရောအနှော..။

(၃) ရော..ဒီကလေးမ ခက်ချေပြီ.

လူတွေက ရယ်တယ်..

ဒီမယ်..အသင်လောက..

ချစ်သူကပြောထားတယ်

သူက ထာဝရ တဲ့..

(ထာဝရတဲ့ကွယ်..)

(၄)ခပ်ကျယ်ကျယ် ထွက်ခဲ့ဖူးတဲ့ ရယ်သံတွေထဲမှာ

မာန က အပြည့်..။

ယုံကြည်မှုက ထင်းလို့ ၀င်းလို့

မင်းတို့သိကြလား..

ယုံကြည်မှု က တကယ်ကို လင်းလို့..။

တင်းနေတဲ့ စိတ်တွေထဲမှာ..

ချစ်သူ..(ချစ်သူ ဆိုတာ) ခြင်းကတော့ ထပ်လို့..

(၅) ကဲ မှတ်ပလား

ခုတော့ သူက ထားသွားပြီ..

တိုးတိုးနဲ့ကျယ်ကျယ် ..ရယ်နိုင်သေးသလား..

သူပြောတဲ့ ထာဝရ.

ကာလ က ဘာကြာသတုန်း..

မုန်းပြလိုက်တာများ ပိပိရိရိ..။

ကျွန်မ လုံးဝ မသိလိုက်တာက………..

လမ်းခွဲကြမယ်သူပြောတော့ ငါတို့မနက်က တကယ်စောနေသေးတယ်

မသေစေနိုင်ပါဘူး လို့ ငါသိနေတယ်
တွေဝေမှိုင်ရူး ခဲ့တဲ့ နေ့တွေက အပြစ်လား

လမ်းတွေ ရှိပေမယ့် လမ်းတွေ မသိနိုင်သူက ငါ..
ချစ်သူ
နင်ငါ့အချစ်ကို မကြာမကြာ စစ်ဆေးပေးခဲ့ရမှာ..။

နားလည်မှု လို့ ပဲခေါင်းစဉ်တပ်မယ်နော်..။

အဲဒီ့ခေါင်းစဉ်က အစီအငေါ်မတည့် တိမ်းစောင်းလိုက်တဲ့ အခါ..။
နင်က လည်း မာယာများသူ..
ငါကလည်း မာနထားသူ.။
ဩော် ကံတရားပေါ့
သူပဲ လက်တစ်လုံးခြားသွားခဲ့တယ်..။

ငါတို့ ရဲ့ ဝေးကွာအားကတော့
ကြည့်လိုက်ရင် ပုဝါတစ်ကမ်း
တကယ်က ကမ္ဘာတစ်ခြမ်းခြားတယ်.။

နင်ပေးတဲ့ ကမ်းလက်..
လှမ်းမဆက် နိုင်အောင် မှန်းချက်ကနာတတ်သူ..။
အယူခံမှာတောင်..မတူမတန် ရှုံးသေး.။

ချစ်တဲ့သူ အမုန်းတေး နဲ့ အိပ်စက်ညတွေ..
ဘ၀ရေ..
ဒီလိုဆိုပေမရှည်ပါနဲ့..။
အလွမ်းကိုလည်းအကျယ် မချဲ့...
နေခဲ့ဆိုတော့လည်း နေခဲ့တော့မယ်..
အချစ်ဆိုတာလည်း အိုမင်းလာရင် သေမယ့်နေ့ရှိမှာပဲ..။

ခုတော့လည်း မသိမသာနဲ့
မသိမသာနဲ့
မသိမသာနဲ့
သတိတစ်ခါတစ်လေ ရတယ်..။


ရင်ခွင်ကို ထက်ခြမ်းခြမ်း
ကမ္ဘာပြိုအောင်တောင် (တစ်ခါတစ်လေ) လွမ်းတယ်..။





တစ်ပင်ထဲပဲ နင်ပျိုးခဲ့တယ်
တစ်ပွင့်ထဲ..(ငါ့အတွက်) ပွင့်လို့..။
နှစ်တွေဝေးကာမှ
အမြစ်တွေကြားမှာ
နင် နောက်ထပ်အချစ်တွေ ပွားထားတာ ငါမြင်တယ်..။
မောင်ရေ..
မြေကြီးအောက်မှာတော့ လှိုက်မစားတော့ဘူး..။
နင်ချစ်တဲ့သူဆီ နင်ပဲလိုက်သွားပါ..။
ခုတော့လဲ
ပင်စည် ကို ချိုးပြီး နင်ရိုက်သွားရက်တယ်
မိုက်သလားလို့ မမေးဘူးကွယ်..။

ဒုတိယ ဖြစ်မှ နာကျင်ရတယ် ထင်သလား..။
ပထမ ဆိုတာလဲ ကြေကွဲစရာ ရာထူးတစ်ခုပါ.။

ကံကြမ္မာနဲ့ သစ္စာတရားကောင်းမှု
ငါကိုက တောင်းဆုနည်းသူ..။
ကဲ
သူတည်း နှစ်ယောက် ကောင်းဖို့ရောက်ဖို့
ငါတစ်ယောက်သာ
ပျက်လင့်ပါမယ်..
ရင်နာဖွယ် ကျိန်စာစူး
ငါရင်ဘတ်နဲ့ သေအောင်ရူးမယ်.။
နင့် အချစ်ပင် အမြစ်တွေကိုတော့ မတူးတော့ပါဘူးကွယ်..။
အားငယ်စွာချောက်ခြား
ပင်ယံထက်မှာလဲ..အမြှောက်စား မခံနိုင်ဘူး
ယောင်္ကျားဆိုရင် ကြောက်ပြီ..။
ဖောက်လီဆယ် တဲ့ နင့်အပြော
ငါထပ် လို့ရင်မမောချင်ဘူး..။
ပြောနေရင် ကြာပါတယ်..
သစ်ပင်ကို မီးရှို့.
သေအောင်သတ်ဖို့ကြိုးစား
အဲဒီ့ အချိန်မှာတောင်….

ငါကိုယ်တိုင်တောင် လောင်မြိုက်သွားတယ်..။
ချစ်ခြင်းရဲ့ ရိုက်ချက်ပြင်းပုံ။

(ချစ်အစ်မ မမရောင် အတွက် အားဆေး လက်ဆောင် အဖြစ် ခံစားရေးပေးတာပါ..
ဒီလောက မှာ ရှိသမျှ ကျားမ အားလုံး သစ္စာ တရား လက် ကိုင်ထားနိုင်ကြပါစေ။)
အတောင်ချိုးထားတဲ့ငှက်ပါ
ချစ်နေလျက်နဲ့လဲ ..ချစ်နေတဲ့သူဆီမပျံနိုင်ဘူး..။
မိသားစုအတွက်
မောင်လေး အတွက်
ညီမလေးအတွက်..
အတွက် အတွက် အတွက် ..

တွက်နေရင်းကပဲ.
ငါဟာ(ကျေကျေနပ်နပ်) ထိုးကျွေးခံမယ့် ကျားတစ်ကွက် ဖြစ်လာတယ်..။

နင်စောင့်နေတဲ့ ရက်တွေ အရင်လို လင်းလက်သေးရဲ့လား..။

မနက် ပြီးတော့ ည
ငါလည်း လွမ်းတတ်ပါတယ်လို့ တစ်ခါတစ်ခါပြောပြော ပြ ချင်သေး..။
ချစ်သူချော့တေးကတော့ အလှမ်းဝေးဆဲပါ..။
အထင်လဲလွဲပါ..အမြင်လဲကွဲပါ..
ငါနင့်ရင်ထဲ တိုး လာ ချော့မရဘူး..
ရင်ပဲအကွဲခံလိုက်တယ်..
နင်လဲ မျှော်လင့်ရတာမောရောပေါ့..။

တစ်ခါတစ်ခါကျတော့လဲ..
လွမ်းလိုက်တာလို့ ပြောဖို့ရယ်
အဆင်ပြေရဲ့လားမေးဖို့ရယ်..
လွဲနေတဲ့တစ်ချို့တစ်ချို့လေးတွေ ညှိဖို့ရယ်တောင်မှ
(နင်မသိလို့ပါ)
ဂဂျောင်ကျ ကျနေတဲ့နေ့တွေ..
ငါလေ အဝေးတစ်မြေကနေ
တွေးမပြေနိုင်တဲ့ အားမလိုအားမရစိတ်တွေနဲ့..
ရင်ဘတ်တွေ ကြေအောင် အော် လိုက်ချင်ရဲ့..

ချစ်သူရေ
ကျေးဇူးပြုပြီး
ခဏခဏ စိတ်မကောက်ပါနဲ့..။



(အငြိမ့်မလာခင် တင်လိုက်တာပါ..ကြော်ညာဖြတ်တယ်ပေါ့နော်....:D)
အလွမ်းဆိုတဲ့ အကြောင်းကို ပြောဖို့
အချိန်က စောနေသေးလို့လား..

နံနက်ခင်းက နေ ည ...
စိတ်ထဲက တော့ `တ´ မိခဲ့ ဖူး..
ဒီလိုပါပဲ အချစ်ရယ်
ဖော်ပြချက် က ခံစားချက်ထက် ပို အရောင်လက်နေမှာပဲ စိုးတယ်..။

ခိုးခိုး ချစ်တတ်တဲ့ ငါ့ အတွက်တော့ မလွယ်ပါဘူး..။