ကားထဲက Hip Hop သီချင်းကို သား က နားညည်းဟန်ဖြင့် ပိတ်လိုက်သည်။
မာမီရယ် ဦးစိုင်းစိုင်းခမ်းလှိုင်ကြီးကို ခဏပိတ်လိုက်ပါ။သားငယ် နားညည်းတယ်ဗျ။
သူ့ ကို ဘာမှ ပြန်မပြောပဲ ပြုံးကြည့် ရာ က စိတ်ထဲကလည်း
အိမ်ရောက်တာနဲ့ ဖေဖေ့ အခန်းကို သွားပြီး ပြေးပြောရဦးမယ်..
ဖေဖေ့ကို ငယ်ငယ်က တွံတေးသိန်းတန် ဖွင့်တိုင်း သမီးတို့ပြောတာလေ..ခု သားငယ်က သမီးကို ပြန်ပြောနေပြီ လို့...။

ကားပေါ်က လှမ်းကြည့်တော့ မိုးမြင့်ကွန်ဒိုမီနီယမ်တွေနဲ့ ၀ိုင်းရံလျှက် ရန်ကုန်မြို့။MRT ရထားလမ်းအောက်က အဖြတ်မှာ စင်ကာပူ ကို ဖြတ်ကနဲ သတိရမိသည်။သားငယ်က ကားကို ကျွန်မရဲ့ `ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပရဟိတ ဌာန´၏ ကားပါ့ကင်မှာပဲ ထားခဲ့သည်။လွန်ခဲ့သော (၇)နှစ်က စိတ်တူကိုယ်တူ သူငယ်ချင်း ငါးယောက်လောက်နဲ့ စတင်ခဲ့တဲ့ဒီအဖွဲ့အစည်းလေးက ခုဆို နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်တွေ၊အခွင့်အာဏာတွေ ( အဲဒီ့ အခွင့်အာဏာသည် လူမှု အသိုင်းအ၀န်းအားအဆိပ်အတောက် ဖြစ်စေသော ပတ်ဝန်းကျင် ညစ်ညမ်းမှု အန္တရာယ် ကို ကာကွယ်ရန် သက်သက် ကို ဆိုလိုပါသည်.)စစ်ဆေးခြင်းဆိုင်ရာ စံ သက်မှတ်ချက်တွေ၊ အရေးယူရန် ဥပဒေတွေနဲ့..အသက်ဝင်နေပြီ.။
ဒီစိတ်ကူးက ကျွန်မနဲ့ ပိုင်ဖြိုးကို လွန်ခဲ့တဲ့ နှစ်၃၀ ကဆို လက်ဖက်ရည်ဆိုင်လေးမှာ ထိုင် ထိုင်ပြောနေကြ မျှော်လင့်ချက်ပုံပြင်သက်သက်လေး။

သားငယ်က ကားသော့ ကို လက်က ဝှေ့ရမ်းရင်း
မာမီ့ အလုပ်က ပျင်းစရာကြီးဗျာ အကြာကြီးမစောင့်ဘူးနော်။ ဆေးရုံ ကို လည်းသွားရဦးမယ်လေ။
ပြီးတော့ အန်ကယ်ပိုင် ဒီနေ့လာမှာဆိုတော့ မာမီ လေဆိပ်သွားရဦးမယ်။

အေးပါဟဲ့...နင်ကလည်း နင့်အဖေ အတိုင်းပဲ ငါ့ဆို ဆရာ တော်တော်လုပ်။

ကျွန်မ အော်ပေးလိုက်တော့လည်း မျက်နှာငယ်လေးနဲ့။သူ့ခမျာ ကျွန်မ ကို ချစ်လွန်းလို့သာ မြန်မာပြည်ကို ခဏခဏ ပြန်လာတွေ့ရှာတာ။အဲဒီ့လို ပြန်တွေးမိတော့လည်း သားငယ်က သနားစရာ။ကျွန်မသာမြန်မာပြည်ကို ခင်တွယ်စွာ နဲ့အမျိုးတွေ ဆန္ဒ ကို ဆန့်ကျင်ပြီး မပြန်လာရင် ခုချိန်မှာ မောင်နှမတွေနဲ့ သိုင်းဝန်းပြီးပျော်စရာတော်တော်ကောင်းနေမှာပေါ့။

ခုတော့ ကျွန်မရဲ့ နှစ် သုံးဆယ် မာရသွန် ကို မြန်မာပြည်မှာ ပဲ ပြန်ရပ်နားဖို့ကျွန်မ ဆုံးဖြတ်ခဲ့တာကို ဘယ်တော့မှလည်းနောင်တမရချင်ပါ။တာဝန်တွေ .၊.လုပ်ပေးသင့်လုပ်ပေးထိုက်တဲ့ သမီးလိမ္မာတစ်ယောက်ရဲ့ဝတ္တရားတွေ၊အားလုံးကို အဆင်သင့်နေရာချပေးနိုင်ခဲ့တဲ့ အစ်မကြီးတစ်ယောက်ရဲ့ ကျေပွန်မှုတွေ အပြီးမှာ ကျန်တာက ကျွန်မရဲ့ ဘ၀ ပဲပေါ့။သားငယ်တို့ အဖေ မောင်မောင် ဆို ခုထိ သူ့ဆီမှာလာနေစေချင်တုန်း။

မမကြီးက မြန်မာပြည်မှာတစ်ယောက်ထဲအထီးကျန်ဘာလို့နေမလဲ။မေမေ နဲ့ဖေဖေ ကလည်းသွားလိုက်ပြန်လိုက်နဲ့ ပင်ပန်းတယ်။မောင်မောင်တို့ မိသားစုနဲ့ ဒီမှာလာနေ။

အဲဒီ့လိုပြောတိုင်း ကျွန်မခေါင်းခါမြဲ။မမကြီး နိုင်ငံခြားကို မပျော်ပါဘူးကွယ်။နောက်တစ်ခု က............................။

အကြွေးတစ်ခုကြောင့်လို့ပဲပြောရမှာပေါ့..။မြန်မာပြည်မှာ ကျွန်မ ဆပ်စရာ အကြွေးတစ်ခုက ရှိနေဆဲပါ။လွန်ခဲ့တဲ့ နှစ်သုံးဆယ်တိတိက တွေဝေမှုလား၊ကံတရားလား၊မဖြစ်နိုင်ဘူးဆိုတဲ့ အသိကို လက်ခံလိုက်တဲ့ လိမ္မာမှုကြောင့်လားမသိတဲ့ခွဲခွါမှုအတွက် အကြွေးဆပ်ဖို့ ကျွန်မစောင့်နေခဲ့ပါသည်။

အရင်ကတော့
`မြ ဘယ်တော့ ပြန်လာလာ ..ပြန်လာတဲ့အထိစောင့်နေမယ်´အဲဒီ့လိုကတိတွေ သူပေးခဲ့ဖူးသည်။
တကယ်တမ်းကျွန်မပြန်လာနိုင်သည့် အချိန်သည် သူ့ အတွက် ဘာတစ်ခု မှ မသုံးမ၀င်တော့သည့် အသက် ၄၀ကျော် ၅၀ နီးပါးအရွယ်။ ကဲ ကျွန်မ သူ့ အတွက် ဘာများပေးနိုင်တော့မလဲ။ရေမြေတွေခြားလို့ တယ်လီဖုန်းလေးကြားခံထားပြီး ချစ်ကျီစယ်ရတဲ့ ဘ၀ ကို သူလည်း အကြာကြီးမသာယာနိုင်ခဲ့တာကို ဘယ်တော့မှ ကျွန်မ အပြစ်မတင်ပါ။

ခုချိန်ဆိုသူ့ဘေးမှာ သူ့သားသမီးတွေ ၀ိုင်းနေမှာပေါ့..။တစ်ဖက်သားက သူ့ ကို မချစ်ချစ်အောင်ပြောတတ်လွန်းတဲ့ သူ့ ကို သူ့ ဇနီးကလည်း အရမ်းချစ်မှာပေါ့နော်။

မာမီ ဘာတွေတွေးနေတာလဲ။အိမ်ပြန်ပြီးမှလေဆိပ်သွားမယ်ဟုတ်..။
သားငယ်က ဆေးရုံကနေ ပြန်လာကတည်းက ကားပေါ်မှာငြိမ်နေတဲ့ ကျွန်မကို သတိဝင်အောင်ပြန်လုပ်လိုက်သည်။ခုနက ဆေးရုံပေါ်မှာ မြင်လိုက်ရတဲ့ ကောင်လေးက `သူ ´နဲ့တော်တော်တူတာကို သတိထားမိရာက ကျွန်မရဲ့ အတိတ်က ကျွန်မ စိတ်ထဲကို ပြန်ပူးကပ်နေသည်။ကျွန်မတွေ့ခဲ့ဖူးသော အသက် ၂၃ နှစ် အရွယ်ကောင်လေး ကတော့ပျောက်ဆုံးခဲ့တာကြာပါပြီ။ဒါက သူ့ မျိုးဆက်လည်း ဖြစ်နိုင်တာပဲ။အဲဒီ့လိုတွေးတွေးပြီး အသက် ၂၃ နှစ်အရွယ် ကလေးတွေ မြင်တိုင်း သူ့ ကို သတိရနေတတ်ပါသည်။

လေဆိပ်ရောက်တော့ ငပိုင်က အပြစ်တင်သည်။

နင်ကလည်းနောက်ကျလိုက်တာ.။ငါကနောက် ၁၅ မိနစ်လောက်မှ နင်မလာတော့ရင် ဘာဖုန်းမှခေါ်မနေတော့ဘူး။ကိုယ့်ဖာသာကိုယ် သွားပြီပဲ။


သက်ပိုင်သူ က ဒီလိုပါပဲ။တွေ့တွေ့ချင်းသာ ဘာညာ ဘာညာ နဲ့ တစ်လမ်းလုံးကတော့ ကရားရေလွှတ် သူချည်းပြောလာသည်။
နင် အဆင်ပြေလား။ နင့်ပရဟိတ လုပ်ငန်းတွေရော။ဆေးရုံကရော ..သိပ်ပြီးကုသိုလ်တွေရနေမှာပဲနော်။
ပြီးတော့ ပတ်ဝန်းကျင်သန့်ရှင်ရေးနဲ့ လူထုကျန်းမာရေး အင်ဂျင်နီယာအကြောင်း၊သူနဲ့အတူ လုပ်နေတဲ့ Interior Decoration Company အကြောင်းကတော့နောက်ဆုံးမှ ပြောဖြစ်ကြသည်။

အိမ်ရောက်တော့ ကျွန်မချက်ကျွေးတဲ့ဟင်းတွေစားကြည့်ပြီး `
အရင် က ငါတို့ ဆိုင်လေးကို သတိရလိုက်တာ´လို့ လွမ်းမောဖွယ်ဆိုရှာသည်။ ပြီးတော့ အရင် က ကျွန်မ ဟင်းချက်နေတာမြင်တိုင်းပြောလေ့ရှိသော`ဒီလောက် မိန်းမပီသတဲ့ ငါ့သူငယ်ချင်းလေး ဘာလို့ ခုလိဲုဖြစ်နေရတာလဲနော်´ လို့လည်းထပ်ပြောသေးသည်။ အစွဲအလန်းကြီးတာ မကောင်းဘူး သူငယ်ချင်း ရယ်..တဲ့။
ပြီးတော့ အိမ်ထဲကို လှည့်ပတ်ကြည့် ပြီး အိမ်ကို Design ပြောင်းဖို့ သားငယ်နဲ့ တိုင်ပင်ပြီး အိမ်ရှေ့ခန်းမှာ ကျန်ရစ်ခဲ့သည်။


.....................................................................................
ညက ၁၁ နာရီ။
ခုချိန်ဆို သူ လည်း မြန်မာပြည်တစ်နေရာ မှာ အိပ်မောကျနေရှာမှာပေါ့။သားသမီးအရေးတွေပဲတွေးပြီးအိပ်မပျော်ဖြစ်နေလေသလား။
သူ့ သားလေးကရော သူလိုပဲ စိတ်ဆတ်ဆတ်မာနကြီးကြီးလေးလား။ သမီးလေးဆို သူက သိပ်ချစ်မှာပဲ။
ဒါမှမဟုတ် တစ်ချိန်ကပေးဖူးတဲ့ ကတိတွေထဲက တစ်ခု ဖြစ်တဲ့ `တို့ နှစ်ယောက်ခွဲဖြစ်ခဲ့ရင်တောင် ဘယ်သူ့ဘယ်သူ မှအိမ်ထောင်မပြုကြေးနော်´ ဆိုတဲ့ စကားကို အတိအကျ လိုက်နာပြီး တစ်ကိုယ်ထဲ ဖြစ်နေမလား။တကယ်တော့ အဲဒီ့ ကတိကို ကျွန်မက အတိအကျ လိုက်နာနေတာကတော့ အသေချာဆုံးပါ။ကျွန်မကတော့မောင်လေး၊ညီမလေးတွေက မွေးထားတဲ့ ၀မ်းမနာသားသမီးလေးတွေ ကို ပဲ ချစ်လို့..မဆုံး။
လမ်းခွဲကာနီးသူပြောလိုက်တဲ့ `နင်နောက်တစ်ယောက်ကို အမြန်တွေ့မှာပါ ငါသိတယ်´ဆိုတဲ့ စကားကို လက်မခံချင်၊ငြင်းဆန်ချင်စိတ်ရဲ့အင်အားက ဘယ်လောက်တောင်ပြင်းထန်လိုက်သလဲနော်။

ရုတ်တရက် အိပ်ယာပေါ်က ထပြီးသားငယ်၏ စာဖတ်ခန်းထဲကို သွားပြီး ကွန်ပြူတာကို ဖွင့်။ပြီးတော့ Mommy Endate လို့ရေးထားတဲ့ သီချင်းဖိုင်လေးကို မြင်တော့ ရီချင်မိသည်။Endate တဲ့။

Endate တွေထဲကပဲ သီချင်းတစ်ပုဒ်ကို အမြန်ရှာရသည်။တွေ့ပြီ။
`မယိုင်လဲတဲ့အချစ်´။


`ငါ့ရင်မှာ အရင်အတိုင်း မင်းက ရှင်သန်နေမှာပဲ...တို့ဝေးနေချိန်ခဏလေးဒီအလွမ်းတော့ရှိမှာပဲ
သံသယစကားတို့နဲ့ နင်လာပြီး...မင်းတွေးသလို မထင်ပါနဲ့..မင်းတွေ့သလိုမမြင်ပါနဲ့...
ယိုင်လဲသွားမယ့် အချစ်မဟုတ်ဘူး...´


သီချင်းသံလေးက စိုပြေစွာပြန့်လွင့်ဆဲ....။
ဒီညလည်း စာကြည့်ခန်းထဲမှာ တစ်ကိုယ်ထဲ အိပ်ပျော်သွားပြန်သည်။


(ဘာဘာညာညာ မပြောနဲ့ ဖန်သကျိုးရေ...ရေးပြီးပြီ...)

6 ယောက်ကဒီလိုဒီလိုပြောကြတယ်:

အိုင်လွယ်ပန် said...

လုပ်ဟ
ဇာတ်သိမ်းတန်းလန်းနဲ့ ...........

GreenGirl said...

ဟယ်... မြရေလျဉ်ရဲ့ နောင်နှစ်သုံးဆယ်ကလည်း ခံစားချက်လေးနဲ့ပါလား။ သက်ပိုင်သူလိုပဲ ထပ်ပြောရဦးမယ်။

သူငယ်ချင်းရယ် အစွဲအလမ်းမကြီးပါနဲ့...
ကိုယ်ချင်းမစာလို့တော့ ဟုတ်ဖူး။း)

ဖိုးသင်္ကြန် said...

ကိုယ့်ကိုယ်ကိုတော့ သိသား။ ငါ့လိုပဲ ဂေါ်မစွံ့ဖြစ်မှာ၊ ဟား ဟား။

သက်ပိုင်သူ said...

ဖတ်ပြီးရင် ပေါက်ကရ မန့်မယ်လို့ စိတ်ကူးထားတာ
အရေးအသားက ကောင်းတော့ ဇာတ်မြောသွားတယ်
ရဲမေ.. ဆက်လုပ် ကောင်ဒ၏

Unknown said...

ad dar so nga ka lay tway ko lar htein pay hayyyyy.

Unknown said...

ပထမတုန်းက မာမီနဲ့သားငယ် ဆိုလို့အထင်ကြီးသွားတာ နောက်ဆုံးတော့လည်း အပျိုကြီးတဲ့.....ဟင်း