သူငယ်ချင်းတွေက ပြောကြတယ်။တစ်နေရာရာရောက်လို့များ ပေါက်ကရ လုပ်တတ်တဲ့သူ တွေတွေ့ရင် နင့်အမျိုးလားလို့ ကြည့်ရတယ်တဲ့။အဲဒီ့လိုဆိုကတည်းက စဉ်းစားသာကြည့်။

ပထမဆုံး ကျွန်မတို့ အဖိုးဘက်က နှမတွေအကြောင်းပြောပြမယ်။ကျွန်မ အဖိုးမှာ နှမ အပျိုကြီး နှစ်ယောက် နဲ့အစ်ကို တစ်ယောက်ရှိတယ်။တောမှာနေသူတွေလည်းဖြစ် ၊ပညာဘာညာကတည်း ရေးတတ်ဖတ်တတ်ရုံသာလေ့လာခဲ့တယ်ဆိုတော့ကာ အင်မတန် အပြောရကျပ်တာကလား။( အဲ..သူတို့အကြောင်းပြောရင်း သူတို့လေသံတွေ ၀င်လာပြီ) ။ငယ်ငယ်ကဆို သူတို့ ရှိရာ လက်ပံတန်း မြို့ ကို နွေကျောင်းပိတ်တိုင်း ကျွန်မတို့မောင်နှမ၀မ်းကွဲတွေ ပြန်ကြတယ်။အဲဒီ့လို ပြန်တိုင်း အဖိုးနှမတွေ အိမ်ဖက်လည်းသွားလည်ရသေးတယ်။ကလေးပေမယ့် လူမှုရေးစိတ်ဓါတ်လေး ငယ်ငယ်ကတည်းက ရှိရှာတယ်လို့ မတွေးလိုက်နဲ့ဦး။ကလေးဆိုတော့ အိမ်ထဲမနေရပြီးရော လူကြီးတွေ သွားလေရာ လိုက်ချင်တာရယ်၊သူတို့ အိမ်တွေမှာရှိတဲ့ မရမ်းသီး အချိုသီး ကို စားချင်တာရယ်.၊အိမ်အ၀င်ဝက ရေတွင်းကြီး ကို ကလေးပီပီ ငုံ့ငုံ့ ကြည့်ချင်တာရယ် တွေကြောင့် လူကြီးတွေ ကမသွားတောင် ကိုယ်က လေသံလေးပေးရတယ်။
ဖွားငွေနဲ့ ဖွားရွှေလည်း တွေ့ရသေးဘူးနော်..မီးမီးတို့ ကို သူတို့ က ချစ်ဖူးလား။မေးသံတောင်မကြားဘူး ဘာညာပေါ့။(ပြောရဦးမယ် မြရေလျဉ်က ငယ်ငယ်ထဲက စကားတတ်တယ်ဆိုပဲ ..အမျိုးတွေပဲပြောကြတာ အင်း စကားကြီး စကားကျယ်ကလည်းပြောတယ်တဲ့..)
ဘာပဲပြောပြော သူတို့အိမ်ရောက်ပြီ ဆိုတာနဲ့ နွေမပိတ်ခင်က ကျက်ထားတဲ့ ကဗျာလေး နှစ်ပုဒ် သုံးပုဒ်လောက် ဆိုပြပြီး ချကျွေးသမျှ ၀ါးတော့တာပဲ။ချောက်တိချောက်ချက်ရောင်းနေရတဲ့ အဖွားကြီး တွေရဲ့တောအိမ်ဆိုင်လေး က ထန်းညက်ချောင်းကနေ မန်ကျည်းစေ့လှော်အထိ ပါဝါမကူရေမရှူ ပဲ ၀ါးတာပေါ့။
အပြန်ကျတော့ လည်း သူတို့ ကပေးတဲ့ မုန့်ဖိုး ငါးကျပ် ကို ရလို့တော်တော်ပျော်ရသေး။

ပြောချင်တာက သူတို့တွေ ရန်ကုန်ကို ဆေးကု ဖို့လာကြတဲ့ အကြောင်းပါ။တောမှာ ဘာမဆို အလကားရပြီး ပိုက်ဆံလည်း ကုန်စရာ မရှိ၊နဂိုကလည်း ကပ်စေးနဲတဲ့ရှေးလူကြီးတွေဆိုတော့ ခက်ကြပုံများပြောပါတယ်။

ဖွားငွေက မျက်စိခွဲဖို့ ရန်ကုန် လာတာပါ။ရောက်လည်းရောက်ရော ကျွန်မတို့ အမေ ကို ငွေထုတ်ပေးပြီး ပန်းသီးဝယ်ခိုင်းပါတော့တယ်။ ပန်းသီးတစ်လုံးကို ၃၀၀ လောက် ရှိနေတဲ့ အချိန်မှာသူက ငွေတစ်ရာ ပေးပြီး ၁၀လုံးဝယ်ခိုင်းပါရောလား။ အဲ ..ပြဿနာက အဲဒါမဟုတ်ဘူး။ပြဿနာက ကျွန်မတို့ ဘယ်တော့ ပန်းသီးစားစား သူ့ ပန်းသီး လို့ချည်း ပြန်တဲ့ နေ့အထိပြောနေတော့တာပါပဲ။

ဒါတင်ပဲလားဆိုတော့ ဘယ်ဟုတ်မလဲ။ တခြား အမျိုး ၀မ်းကွဲ တစ်ယောက်အိမ်သွားလည်ရင်း အိမ်သာတက်နေတာက ဘယ်လောက်များ လက်ဆော့သလဲလို့ ။လူက လည်း မျက်စိက ခွဲထား၊ခြေလက်ကလည်း အငြိမ်မနေချင်ပဲနဲ့ ဟင်း....ပြောရရင် အသည်းယားစရာ ပါ။ အိမ်သာကြမ်းကြားက မြွေစိမ်းခေါင်းလေး ထွက်လာတာ ကို ကန်စွန်းညွှန့် လေးဆို ပြီး ချိုးဆော့ ပါသတဲ့...။ ကဲ မပြောချင်ဘူး။


အင်း သူ က မိန်းကလေးမို့ ဒီလိုဆိုတော့ သူ့အစ်ကို `ဦးကြီး ´(ကျွန်မ အမေခေါ်သလို ကျွန်မတို့ က လိုက်ခေါ်တာပါ)ကျ တစ်မျိုးဗျို့။ သူက တော့ ခုပြန်တွေးရင် သနားဖို့ လည်းကောင်းပါတယ်။ အဲဒီ့ တစ်ခေါက် က သူ ကင်ဆာ ဖြစ်နေတာ လာပြီးဆေး ကုတာပါ.။ သူ့ ကို သူလည်း ကင်ဆာလို့ သိပုံမပေါ်ပါဘူး။ဆရာဝန်က သူ့ ကိုဆေးတွေ ပေးပါတယ်။ မနက် ၊ နေ့လည်၊ ည ဆိုပြီး ၃ ခွက် ..၃ခွက်ပေးတာပါ။ ဦးကြီးဆေးသောက်ပြီးပြီလားလို့မေးကြည့် သောက်ပြီးပြီ ဆိုတာချည်းပဲနော်။ဦးကြီးကတောကသာလာတာပါ .အင်္ဂလိပ်ဆေးကို ကြောက်ပုံ မပေါ်ဘူး ဆိုပြီး ချီးကျူး မိသေးတယ်။ အဖြစ်မှန်ကိုလည်း သိရော ပိုတောင် ဦးကြီး ကိုလေးစားသွားတာ။ ဦးကြီး အင်္ဂလိပ်ဆေးကို မကြောက်ပုံများ မနက်၊နေ့လည် နဲ့ ည သုံးခွက်စာ ကို စိတ်မရှည်လို့ တစ်ခါထဲပဲ ပေါင်းသောက်ပစ်လိုက်တယ် ဆိုပဲ...အေးရော။
ခု အသက်ကြီးလာ မှ ကင်ဆာဆေးဆိုတာ တစ်ခွက်တစ်ခွက်ကို အများကြီးဆိုတာ သိရတော့ ဦးကြီး ကို မနောက်ရက်တော့တဲ့အပြင် အရမ်းသနားမိပါတယ်။
အင်း သေချာတွေးကြည့်တော့ အသိအမြင် မကြွယ်တဲ့ ဦးကြီး တစ်ယောက် ကင်ဆာဆေးလုံးပေါင်း မြောက်များစွာ ကိုသောက်ရင်း နောက်ဆုံးတော့ လည်း................။

ထားပါ။ အဖိုးဘက်ကတော့ ကုန်ပြီ။ အဖွားဘက် လှည့်မယ်။
အရင်ဆုံးသူ့ အစ်ကိုကြီး အကြောင်းပေါ့။သူက ၀ါဝါ၀င်းရွှေ တို့ ညွှန့်ဝင်း တို့ ခေတ်က ရုပ်ရှင်ဒါရိုက်တာကြီးပါ။
နေတာကတော့ လက်ပံတန်းမှာပါပဲ။ ရန်ကုန် တက်လာရင် မြောက်ဥက္ကလာမှာနေပါတယ်။လူရွတ်လူနောက်ကြီးပေါ့။
သူက သူ့ မိန်းမ ကို ဆို ` အစော တို့ စိတ်ကောက်ပြင်းထန်ပုံကတော့ စံပါပဲ။ ငါ့ စိုက်ခင်းထဲ တစ်ရက် သူလိုက်လာတာ ငါ့ ဗူးစင်ပေါ်က ဗူးသီးတွေ ဒီနေ့ အထိ ကွေးကွေးတွေပဲ သီးတော့တာသာကြည့်´
အဲလို စ တာပါ။ပြောလည်းပြောစရာ။ ဖွားစော စိတ်ကောက်တတ်တာလည်း အမျိုးထဲမှာ လက်မှတ်ရတယ်။
သူ ကကျ စိတ်မရှည်တာပါ။ စိတ်မရှည်ပုံများ တစ်ခါက ရန်ကုန်ကနေ လက်ပံတန်းပြန်လာတာ လမ်းမှာ ရထားပေါ်မှာဒဏ်ရိုက်ခံရပါရောလား။ ဖြစ်ပုံက ဒီလိုပါ။ လက်ပံတန်းဘူတာဝင်ကာနီး လမ်းခုလတ်မှာ အရေးပေါ်ဘဲလ် ကို နှိပ်မှုလေ။ အရေးပေါ်ဘဲလ် မြည်တယ် ဆိုတော့ ရထားတစ်စီးလုံး ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ရထား ၀န်ထမ်းအရာရှိတွေလည်းရောက်လာပါရောတဲ့။ဟုတ်တယ်လေ။ဒီဘဲလ် က အကြောင်းကြီးကြီးမရှိပဲ မနှိပ်ရဘူးကိုး။ဒီတော့ ဘာလို့များနှိပ်တာပါလိမ့်ပေါ့။

သူက အေးဆေးပါပဲ ။ပြန်ဖြေတာက။ သူ့ အိမ် ကို မြင်နေရပြီတဲ့။ ဘူတာထိလိုက်နေရင် ပြန်လာနေရဦးမယ် ..။ကြာလို့ တဲ့။ ခု လိုရထားရပ်လိုက်တော့ ဆင်းလိုက်လို့ ရတာပေါ့ တဲ့ ဆိုပြီး ဆင်းမယ် လုပ်ပါရော..။

တကယ်တမ်းကတော့ ချက်ချင်းမဆင်းရတဲ့ အပြင် ကံကောင်းလို့ ဂတ် မရောက်တာ။ အဲလို ဆိုးတာ။
နောက်တစ်ခု က ရန်ကုန်မှာ ..။ ဘတ်စ်ကားပေါ်မှာ ။ခါးပိုက်နှိုက် ကို နောက်တာပါ။ လန့်သွားလား။ ခါးပိုက်နှိုက် ကို ဘယ်လို နောက်လဲ ဆိုပြီး။ ပြောပြမယ်။

ကားပေါ်မှာ ခါးပိုက်နှိုက် က သူ့ နားကို မယောင်မလည် လုပ်နေကတည်းက သူ က သိတယ်။သူ့တိုက်ပုံအိတ်ကပ် ကို နှိုက်နေတာလည်းသိတယ်။အသာလေးလွှတ်ပေးထားတယ်တဲ့။နောက် ခါးပိုက်နှိုက်လည်း လိုချင်တာရတော့ သူ့နားက ခွာပြီး တခြားနေရာ ကို တိုးသွားတယ်တဲ့။ပြီးလည်းပြီးရော ..ခါးပိုက်နှိုက် က သူ့လက်ထဲကို ငုံ့ကြည့်တော့ သတင်းစာကြီးဖြစ်နေပါရော ..။ သူ့ ဆီက ရသွားတဲ့ ငွေတွေကို ရေကြည့်မယ်ဆိုပြီး ခေါင်းလေးငုံ့ ၊ဘေးဘီကြည့်နဲ့မျက်နှာကလေးက ဖြစ်သွားပုံများ ဆိုပြီး ပြော ပြောပြီး ရယ်လိုက်တာ ...။ဟုတ်တယ်လေ။ သူ့ခမျာလည်း ကမန်းကတမ်းဆိုတော့ ဘယ်သေချာသိမလဲနော့.....။

အဲဒီ့တုန်းက သူ က ဘိုင်ပျက်နေလို့၊လက်ထဲက သတင်းစာကြီးကိုင်ရတာ လည်းရှုပ်တယ် ဆိုပြီး ..အိတ်ထဲ ခေါက်ထည့် ထားတာတဲ့။ဒါကြောင့်ယူတာသိ သိနဲ့ ငြိမ်ခံနေတာပေါ့တဲ့။

ဟင်း ....မနိုင်ဘူးနော်။

နောက်တစ်ယောက်ကတော့ ကျွန်မရဲ့ ဂရိတ်မဟာ အဖွားအရင်းပေါ့။`မြ´ ဆိုတဲ့ နာမည် က သူ့ဆီက ယူထားတာလေ။ကျွန်မ အမေရဲ့ အမေ၊ကျွန်မတို့ အဖွားမိုလို့ `မေဖွား´ လို့ ခေါ်ကြပါတယ်။အသက် က (၇၀)ကျော်ရုံလေးပေမယ့် ပင်ပန်းခဲ့တဲ့ ဘ၀ဒဏ်တွေရယ်၊ ချစ်ရတဲ့ ခင်ပွန်းနဲ့ အစ်မ တို့ တပြိုင်နက်ထဲ တိမ်းပါး သွားတာတွေရယ် ပေါင်းပြီး သူ က သူငယ်ပြန်ချင်နေပါပြီ။ဒီတော့ စိတ်မချတဲ့ သားသမီးတွေ က ရန်ကုန်မှာ လာနေဖို့ ပြောတာကို လက်မခံချင်ပဲ လိုက်လာနေရလို့ အတော် မကျေနပ်ပါ။

`ငါ့ အိမ်မှာသာ ငါနေရင် ခြံထွက် ဆူးပုတ်ခက်ကလေးတွေ ဖြတ်ရောင်းပြီး ငါ့ ပင်စင်လစာလေးနဲ့ပေါင်းစားရင်ကောင်းကောင်းနေနိုင်ပါတယ်အေ..´

သူပြောတဲ့ ဆူးပုတ်ခက်ဆိုတာ ရေလောင်းမယ့်သူ မရှိလို့ ခု ဆို တစ်ပင်လုံးပေါင်းလို့ ငါးခက်ရတောင်ကံကောင်း၊ ပင်စင်လစာ ကလည်း တစ်ခါက သူထုတ်တာ သုံးထောင်ရတာတွေ့ဖူးတယ်။ဒါတောင် ၆လစာလား၊တစ်လစာလားမသေချာဘူး။ဒါပေမယ့် အဖွားကလောက်တယ်ဆိုတာချည်းပဲ ဇွတ်ပြောပြီး ပြန်မယ် ချည်း လုပ်နေတော့ တာ နေ့တိုင်းပါပဲ။ပြီးတော့ သူ့ အိမ်ကြီးထဲမှာ တစ်ယောက်ထဲ၊အဖော်မရှိဘာမရှိ သူဘယ်လိုနေမလဲ။နယ်မြို့ ဆိုတာ မီးလာတဲ့ ရက် ကလည်း ခပ်ရှားရှားလေ။
ဒီတော့ စိတ်ချမ်းသာအောင် သောကြာနေ့ညနေဆို ပြန်ပို့ ။တနလာင်္ မနက် ဆို အားလုံးပြန်လာဆိုတဲ့ အစီအစဉ်အတိုင်း လုပ်တာ သူက ကျေနပ်သွားပါတယ်။ခက်တာက သူ့ ဦးနှောက် မှတ်ဥာဏ်အား။ထင်ရာမြင်ရာစွဲတာလေးတွေ။အဲဒီ့တော့ တနင်္လာ မနက် ပြန်ရောက် တဲ့ အထိ အိုကေ။ အင်္ဂါ နေ့လည် ဆို အထုတ်တွေ ထုတ်နေပြီ။ ဒီနေ့ သောကြာလေ။ ပြန်မယ်ဆိုပြီး ရစ်ရော ဗျာ။

စကားတစ်ခွန်းကို သူ့ရှေ့မှာပြောရင် အရှေ့ပိုင်းတွေကို ပဲ မှတ်မိတယ်။တခါတလေ သူပေးတဲ့ သတင်းအချက်အလက်အမှားတွေ ကို သားသမီးတွေက တကယ်ထင်ပြီး ဟာသတွေ ဖြစ်ရသေးတယ်။ ကျွန်မ ဥိးလေးအငယ်က အရင် က နိုင်ငံခြားတွေဘာတွေ သွားခဲ့တာ ကို ပဲ စိတ်စွဲပြီး ဦးလေး အပြင်ထွက်သွားတိုင်း အိမ်ကို လာတဲ့ သူတွေ ကို ..
ဟဲ့ ကို ငယ်တော့ ဒီနေ့ပဲ သွားတယ်လေ..။ငါလည်းပြောသွားတယ် ..အမေစိတ်ချပါတဲ့။

အစတော့ အိမ်လာတဲ့ ဧည့်သည်တွေက အထာမသိတော့
ဟယ် ဟုတ်လား..ကိုငယ်သွားပြီလား ပေါ့..။နောက်တော့ အဖွားအကြောင်းသိတော့ ဘာမဆို ကျွန်မ တို့ ကို လာလာမေးပြိး မှ ယုံရဲတော့တာ။

ကျွန်မ မလာခင် မှာအခြေအနေ က ပိုဆိုးလာတယ်။ တစ်နေ့တော့ ထူးထူးဆန်းဆန်းပြောလာပါတယ်။အဲဒီ့စကားကို ကြားတော့ ကျွန်မ အဒေါ်က အမေ အဲဒါ ကို ဘယ်သူ့ မှ ပြန်မပြောနဲ့နော်လို့တောင် နှုတ်ပိတ်ထားရတယ်။

သူပြောတာကြည့်လေ..။
အဖိုးက သူ့ ကို မောင် လို့ ခေါ်မှ ကြိုက်သတဲ့ ။ကဲ..။ကျွန်မ သိသလောက်တော့ အဖိုးက အဲဒီ့လောက်မ ကြူတတ်ပါဘူးလို့များ သွားပြောရင်လည်း မိုးမီးလောင်မယ်။အသာလေးနေပေးလိုက်ရတယ်။


ခုတော့ နောက်ဆုံး မြရေလျဉ် ကွိုင်တက်နေပြီ။
အဖွားပဲပေါ့။ ကျွန်မ အမေ ဆီဖုန်းဆက်ပြီး ဟိုနေ့ က ပြောလိုက်တာ။ခု ..ကျွန်မကို အိမ်က ၀ိုင်းကျပ်နေပြီလေ.။


ပြောတာကလည်းကြည့် ...

` ညည်းသမီး ငါ့ ဆီဖုန်းဆက်တယ် မိပေါက် ..သူ အိမ်ထောင်ပြုပါရစေတဲ့ .အဲ့ဒါဘယ်လိုလုပ်ကြမလဲ´


ရုပ်တည်ကြီးနဲ့ ပြောတာနော်....ဟင့်။......။


..........................................................................................


( အဖိုးအဖွားများအားလုံးကို သတိရလို့ ရေးပါတယ်။သက်ပိုင်သူ၊ပိုင်ဖြိုးကို၊ ဖိုးသင်္ကြန် နဲ့ တလနွန် ရေ..နင်တို့ အလှည့်ပဲဟေ့)
ကားထဲက Hip Hop သီချင်းကို သား က နားညည်းဟန်ဖြင့် ပိတ်လိုက်သည်။
မာမီရယ် ဦးစိုင်းစိုင်းခမ်းလှိုင်ကြီးကို ခဏပိတ်လိုက်ပါ။သားငယ် နားညည်းတယ်ဗျ။
သူ့ ကို ဘာမှ ပြန်မပြောပဲ ပြုံးကြည့် ရာ က စိတ်ထဲကလည်း
အိမ်ရောက်တာနဲ့ ဖေဖေ့ အခန်းကို သွားပြီး ပြေးပြောရဦးမယ်..
ဖေဖေ့ကို ငယ်ငယ်က တွံတေးသိန်းတန် ဖွင့်တိုင်း သမီးတို့ပြောတာလေ..ခု သားငယ်က သမီးကို ပြန်ပြောနေပြီ လို့...။

ကားပေါ်က လှမ်းကြည့်တော့ မိုးမြင့်ကွန်ဒိုမီနီယမ်တွေနဲ့ ၀ိုင်းရံလျှက် ရန်ကုန်မြို့။MRT ရထားလမ်းအောက်က အဖြတ်မှာ စင်ကာပူ ကို ဖြတ်ကနဲ သတိရမိသည်။သားငယ်က ကားကို ကျွန်မရဲ့ `ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပရဟိတ ဌာန´၏ ကားပါ့ကင်မှာပဲ ထားခဲ့သည်။လွန်ခဲ့သော (၇)နှစ်က စိတ်တူကိုယ်တူ သူငယ်ချင်း ငါးယောက်လောက်နဲ့ စတင်ခဲ့တဲ့ဒီအဖွဲ့အစည်းလေးက ခုဆို နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်တွေ၊အခွင့်အာဏာတွေ ( အဲဒီ့ အခွင့်အာဏာသည် လူမှု အသိုင်းအ၀န်းအားအဆိပ်အတောက် ဖြစ်စေသော ပတ်ဝန်းကျင် ညစ်ညမ်းမှု အန္တရာယ် ကို ကာကွယ်ရန် သက်သက် ကို ဆိုလိုပါသည်.)စစ်ဆေးခြင်းဆိုင်ရာ စံ သက်မှတ်ချက်တွေ၊ အရေးယူရန် ဥပဒေတွေနဲ့..အသက်ဝင်နေပြီ.။
ဒီစိတ်ကူးက ကျွန်မနဲ့ ပိုင်ဖြိုးကို လွန်ခဲ့တဲ့ နှစ်၃၀ ကဆို လက်ဖက်ရည်ဆိုင်လေးမှာ ထိုင် ထိုင်ပြောနေကြ မျှော်လင့်ချက်ပုံပြင်သက်သက်လေး။

သားငယ်က ကားသော့ ကို လက်က ဝှေ့ရမ်းရင်း
မာမီ့ အလုပ်က ပျင်းစရာကြီးဗျာ အကြာကြီးမစောင့်ဘူးနော်။ ဆေးရုံ ကို လည်းသွားရဦးမယ်လေ။
ပြီးတော့ အန်ကယ်ပိုင် ဒီနေ့လာမှာဆိုတော့ မာမီ လေဆိပ်သွားရဦးမယ်။

အေးပါဟဲ့...နင်ကလည်း နင့်အဖေ အတိုင်းပဲ ငါ့ဆို ဆရာ တော်တော်လုပ်။

ကျွန်မ အော်ပေးလိုက်တော့လည်း မျက်နှာငယ်လေးနဲ့။သူ့ခမျာ ကျွန်မ ကို ချစ်လွန်းလို့သာ မြန်မာပြည်ကို ခဏခဏ ပြန်လာတွေ့ရှာတာ။အဲဒီ့လို ပြန်တွေးမိတော့လည်း သားငယ်က သနားစရာ။ကျွန်မသာမြန်မာပြည်ကို ခင်တွယ်စွာ နဲ့အမျိုးတွေ ဆန္ဒ ကို ဆန့်ကျင်ပြီး မပြန်လာရင် ခုချိန်မှာ မောင်နှမတွေနဲ့ သိုင်းဝန်းပြီးပျော်စရာတော်တော်ကောင်းနေမှာပေါ့။

ခုတော့ ကျွန်မရဲ့ နှစ် သုံးဆယ် မာရသွန် ကို မြန်မာပြည်မှာ ပဲ ပြန်ရပ်နားဖို့ကျွန်မ ဆုံးဖြတ်ခဲ့တာကို ဘယ်တော့မှလည်းနောင်တမရချင်ပါ။တာဝန်တွေ .၊.လုပ်ပေးသင့်လုပ်ပေးထိုက်တဲ့ သမီးလိမ္မာတစ်ယောက်ရဲ့ဝတ္တရားတွေ၊အားလုံးကို အဆင်သင့်နေရာချပေးနိုင်ခဲ့တဲ့ အစ်မကြီးတစ်ယောက်ရဲ့ ကျေပွန်မှုတွေ အပြီးမှာ ကျန်တာက ကျွန်မရဲ့ ဘ၀ ပဲပေါ့။သားငယ်တို့ အဖေ မောင်မောင် ဆို ခုထိ သူ့ဆီမှာလာနေစေချင်တုန်း။

မမကြီးက မြန်မာပြည်မှာတစ်ယောက်ထဲအထီးကျန်ဘာလို့နေမလဲ။မေမေ နဲ့ဖေဖေ ကလည်းသွားလိုက်ပြန်လိုက်နဲ့ ပင်ပန်းတယ်။မောင်မောင်တို့ မိသားစုနဲ့ ဒီမှာလာနေ။

အဲဒီ့လိုပြောတိုင်း ကျွန်မခေါင်းခါမြဲ။မမကြီး နိုင်ငံခြားကို မပျော်ပါဘူးကွယ်။နောက်တစ်ခု က............................။

အကြွေးတစ်ခုကြောင့်လို့ပဲပြောရမှာပေါ့..။မြန်မာပြည်မှာ ကျွန်မ ဆပ်စရာ အကြွေးတစ်ခုက ရှိနေဆဲပါ။လွန်ခဲ့တဲ့ နှစ်သုံးဆယ်တိတိက တွေဝေမှုလား၊ကံတရားလား၊မဖြစ်နိုင်ဘူးဆိုတဲ့ အသိကို လက်ခံလိုက်တဲ့ လိမ္မာမှုကြောင့်လားမသိတဲ့ခွဲခွါမှုအတွက် အကြွေးဆပ်ဖို့ ကျွန်မစောင့်နေခဲ့ပါသည်။

အရင်ကတော့
`မြ ဘယ်တော့ ပြန်လာလာ ..ပြန်လာတဲ့အထိစောင့်နေမယ်´အဲဒီ့လိုကတိတွေ သူပေးခဲ့ဖူးသည်။
တကယ်တမ်းကျွန်မပြန်လာနိုင်သည့် အချိန်သည် သူ့ အတွက် ဘာတစ်ခု မှ မသုံးမ၀င်တော့သည့် အသက် ၄၀ကျော် ၅၀ နီးပါးအရွယ်။ ကဲ ကျွန်မ သူ့ အတွက် ဘာများပေးနိုင်တော့မလဲ။ရေမြေတွေခြားလို့ တယ်လီဖုန်းလေးကြားခံထားပြီး ချစ်ကျီစယ်ရတဲ့ ဘ၀ ကို သူလည်း အကြာကြီးမသာယာနိုင်ခဲ့တာကို ဘယ်တော့မှ ကျွန်မ အပြစ်မတင်ပါ။

ခုချိန်ဆိုသူ့ဘေးမှာ သူ့သားသမီးတွေ ၀ိုင်းနေမှာပေါ့..။တစ်ဖက်သားက သူ့ ကို မချစ်ချစ်အောင်ပြောတတ်လွန်းတဲ့ သူ့ ကို သူ့ ဇနီးကလည်း အရမ်းချစ်မှာပေါ့နော်။

မာမီ ဘာတွေတွေးနေတာလဲ။အိမ်ပြန်ပြီးမှလေဆိပ်သွားမယ်ဟုတ်..။
သားငယ်က ဆေးရုံကနေ ပြန်လာကတည်းက ကားပေါ်မှာငြိမ်နေတဲ့ ကျွန်မကို သတိဝင်အောင်ပြန်လုပ်လိုက်သည်။ခုနက ဆေးရုံပေါ်မှာ မြင်လိုက်ရတဲ့ ကောင်လေးက `သူ ´နဲ့တော်တော်တူတာကို သတိထားမိရာက ကျွန်မရဲ့ အတိတ်က ကျွန်မ စိတ်ထဲကို ပြန်ပူးကပ်နေသည်။ကျွန်မတွေ့ခဲ့ဖူးသော အသက် ၂၃ နှစ် အရွယ်ကောင်လေး ကတော့ပျောက်ဆုံးခဲ့တာကြာပါပြီ။ဒါက သူ့ မျိုးဆက်လည်း ဖြစ်နိုင်တာပဲ။အဲဒီ့လိုတွေးတွေးပြီး အသက် ၂၃ နှစ်အရွယ် ကလေးတွေ မြင်တိုင်း သူ့ ကို သတိရနေတတ်ပါသည်။

လေဆိပ်ရောက်တော့ ငပိုင်က အပြစ်တင်သည်။

နင်ကလည်းနောက်ကျလိုက်တာ.။ငါကနောက် ၁၅ မိနစ်လောက်မှ နင်မလာတော့ရင် ဘာဖုန်းမှခေါ်မနေတော့ဘူး။ကိုယ့်ဖာသာကိုယ် သွားပြီပဲ။


သက်ပိုင်သူ က ဒီလိုပါပဲ။တွေ့တွေ့ချင်းသာ ဘာညာ ဘာညာ နဲ့ တစ်လမ်းလုံးကတော့ ကရားရေလွှတ် သူချည်းပြောလာသည်။
နင် အဆင်ပြေလား။ နင့်ပရဟိတ လုပ်ငန်းတွေရော။ဆေးရုံကရော ..သိပ်ပြီးကုသိုလ်တွေရနေမှာပဲနော်။
ပြီးတော့ ပတ်ဝန်းကျင်သန့်ရှင်ရေးနဲ့ လူထုကျန်းမာရေး အင်ဂျင်နီယာအကြောင်း၊သူနဲ့အတူ လုပ်နေတဲ့ Interior Decoration Company အကြောင်းကတော့နောက်ဆုံးမှ ပြောဖြစ်ကြသည်။

အိမ်ရောက်တော့ ကျွန်မချက်ကျွေးတဲ့ဟင်းတွေစားကြည့်ပြီး `
အရင် က ငါတို့ ဆိုင်လေးကို သတိရလိုက်တာ´လို့ လွမ်းမောဖွယ်ဆိုရှာသည်။ ပြီးတော့ အရင် က ကျွန်မ ဟင်းချက်နေတာမြင်တိုင်းပြောလေ့ရှိသော`ဒီလောက် မိန်းမပီသတဲ့ ငါ့သူငယ်ချင်းလေး ဘာလို့ ခုလိဲုဖြစ်နေရတာလဲနော်´ လို့လည်းထပ်ပြောသေးသည်။ အစွဲအလန်းကြီးတာ မကောင်းဘူး သူငယ်ချင်း ရယ်..တဲ့။
ပြီးတော့ အိမ်ထဲကို လှည့်ပတ်ကြည့် ပြီး အိမ်ကို Design ပြောင်းဖို့ သားငယ်နဲ့ တိုင်ပင်ပြီး အိမ်ရှေ့ခန်းမှာ ကျန်ရစ်ခဲ့သည်။


.....................................................................................
ညက ၁၁ နာရီ။
ခုချိန်ဆို သူ လည်း မြန်မာပြည်တစ်နေရာ မှာ အိပ်မောကျနေရှာမှာပေါ့။သားသမီးအရေးတွေပဲတွေးပြီးအိပ်မပျော်ဖြစ်နေလေသလား။
သူ့ သားလေးကရော သူလိုပဲ စိတ်ဆတ်ဆတ်မာနကြီးကြီးလေးလား။ သမီးလေးဆို သူက သိပ်ချစ်မှာပဲ။
ဒါမှမဟုတ် တစ်ချိန်ကပေးဖူးတဲ့ ကတိတွေထဲက တစ်ခု ဖြစ်တဲ့ `တို့ နှစ်ယောက်ခွဲဖြစ်ခဲ့ရင်တောင် ဘယ်သူ့ဘယ်သူ မှအိမ်ထောင်မပြုကြေးနော်´ ဆိုတဲ့ စကားကို အတိအကျ လိုက်နာပြီး တစ်ကိုယ်ထဲ ဖြစ်နေမလား။တကယ်တော့ အဲဒီ့ ကတိကို ကျွန်မက အတိအကျ လိုက်နာနေတာကတော့ အသေချာဆုံးပါ။ကျွန်မကတော့မောင်လေး၊ညီမလေးတွေက မွေးထားတဲ့ ၀မ်းမနာသားသမီးလေးတွေ ကို ပဲ ချစ်လို့..မဆုံး။
လမ်းခွဲကာနီးသူပြောလိုက်တဲ့ `နင်နောက်တစ်ယောက်ကို အမြန်တွေ့မှာပါ ငါသိတယ်´ဆိုတဲ့ စကားကို လက်မခံချင်၊ငြင်းဆန်ချင်စိတ်ရဲ့အင်အားက ဘယ်လောက်တောင်ပြင်းထန်လိုက်သလဲနော်။

ရုတ်တရက် အိပ်ယာပေါ်က ထပြီးသားငယ်၏ စာဖတ်ခန်းထဲကို သွားပြီး ကွန်ပြူတာကို ဖွင့်။ပြီးတော့ Mommy Endate လို့ရေးထားတဲ့ သီချင်းဖိုင်လေးကို မြင်တော့ ရီချင်မိသည်။Endate တဲ့။

Endate တွေထဲကပဲ သီချင်းတစ်ပုဒ်ကို အမြန်ရှာရသည်။တွေ့ပြီ။
`မယိုင်လဲတဲ့အချစ်´။


`ငါ့ရင်မှာ အရင်အတိုင်း မင်းက ရှင်သန်နေမှာပဲ...တို့ဝေးနေချိန်ခဏလေးဒီအလွမ်းတော့ရှိမှာပဲ
သံသယစကားတို့နဲ့ နင်လာပြီး...မင်းတွေးသလို မထင်ပါနဲ့..မင်းတွေ့သလိုမမြင်ပါနဲ့...
ယိုင်လဲသွားမယ့် အချစ်မဟုတ်ဘူး...´


သီချင်းသံလေးက စိုပြေစွာပြန့်လွင့်ဆဲ....။
ဒီညလည်း စာကြည့်ခန်းထဲမှာ တစ်ကိုယ်ထဲ အိပ်ပျော်သွားပြန်သည်။


(ဘာဘာညာညာ မပြောနဲ့ ဖန်သကျိုးရေ...ရေးပြီးပြီ...)

ခွဲခွာမယ်

မလွှဲသာလို့ဆိုတဲ့စကား ……………….

အသဲမပါသူ

လူတစ်ယောက်က

ကြိုထောက်စွာ ဖောက်ဖျက်ခဲ့ရင်

ယောက်ယက်ခတ် ဒီအသဲ

ခဲလို့မမာအား ………………………..။။။

ခံစားချက်ကို

အသံကြားလျက်

လှံဖျားတစ်လက်နဲ့

ရက်စက်စွာထိုး

ငါ့ကိုချိုးတာလား ..? ။။။

လွင်တီးခေါင်ပြင်

ဒီရင်ခွင်ကို

သခင်သတ္တိ

တကယ်ရှိက

ချစ်ခြင်းအတိ(နှင့်)

သိသိသာသာ

လာခဲ့ပါ ……………..။။။



( ဒီကဗျာတွေ ကို ကျွန်မ ကိုယ်စား သိမ်းပေးထားတဲ့ အမရာ နဲ့ အိုင်လွယ်ပန် ကို ကျေးဇူး အရမ်းတင်ပါတယ်...

မထင်မှတ်ပဲ ဒီကဗျာမေးလ် ပြန်ရတော့ ငါတော်တော် ပျော်သွားတာ သူငယ်ချင်းတို့ ရေ....)

ဘုရား
ဆူညံလွင့်ရှ ၀ုန်းကနဲ ပေါက်ကွဲ မီးတောင်တစ်ခုလိုပဲ
စဉ်းစားကြည့်..
ကိုယ့်ကိုယ်ကို အရိပ်လိုကြည့်နေတဲ့သူ
ကံကြမ္မာက စာရင်းလိမ်တာသိချိန် ဘယ်လိုနေမလဲ..

ဆူညံလွင့်ရှ ပြင်းစွာပေါက်ကွဲ
မီးတောင်လိုပါပဲ။

ငယ်ချစ်ရေ..
လူတွေဟာ ဘ၀ကို အဆာမပြေတဲ့ အချိန် နဲ့
လောက ကို အစာမကြေတဲ့ အချိန်တွေမှာ
ဒီဝေါဟာရ ကို သတိရတတ်ကြတယ်ထင်ပါတယ်။

နှောင်း ..ပြီး..မှား..
ပြင်ခွင့်မရှိနောင်တတွေကြား
မင်းမျက်ဝန်းစကားကိုခိုးနားထောင်ရတဲ့ဘဝ
အရင်လို ခဏ ပြန်ဖြစ်ပါရစေလား။

အဲ့ဒီ့ဘ၀.
နွေလေရူးနဲ့ တဖြူးဖြူး သင်းပျံ့
လူငယ်ရနံ့နဲ့ ကံ့ကော်ကာလမှာ
ငါတို့..ဖြူစင်မှုတွေ
စံပယ်လို ဖူး ခဲ့ကြတယ်။

ဒီလိုနဲ့ပဲ
အသစ်တစ်ဦးစီနဲ့ ..ယစ်မူးသွားတဲ့ အထိ
ငါတို့သိတာက ..ကြည်ကြည်လင်လင်။
နင်ကလည်း ငါ့ကို ကြည့်
ငါကလည်း နင့် ကို ကြည့်ရင်း
ဝေးတယ်ဆိုတာ ကိုတောင် မသိခဲ့ကြဘူးနော်။

ပျော်ရွှင်ပါစေ..ဒီဆုတောင်းနဲ့နေ့တွေသာဟောင်းဟောင်းလာတယ်
သံယောဇဉ် အကြောင်းကတော့ ကောင်းနေဆဲပေါ့..။

ထပ်ခေါ်ဦးမယ်လေ..
ငယ်ချစ်ရေ...

ငါတို့ နှလုံးသားကို ပြဒါးပါတဲ့မှန်လေးတွေပေးပါ။
ဘယ်ညာတော့လွဲနေရဲ့
အနည်းဆုံးတော့
အသည်းတွေထဲက ကွဲကြေဆဲ ဝေဒနာ
နင်ရယ်ငါ ပြန် ရှာရအောင်လေ

အချိန်တွေပြောင်း..
လည်တွေလည်းစောင်းနေပါပြီ..
ငါစောင့်နေရတော့ ညောင်းတယ်ကွယ်..။

ဟောင်းနေတဲ့ ပြက္ခဒိန်ကို ပြန်ကြည့်
ငါ့ ကို ငါ မသိခဲ့တာ..ငါးနှစ်ရှိပြီ။
စဉ်းစားကြည့်
ကိုယ့်အတ္တကို အရိပ်လို နေတဲ့ကောင်
ကံကြမ္မာက စာရင်းဖြောင်
ချစ်ခြင်းက အကြောင်ရိုက်ခံခဲ့တဲ့ အခါ ဘယ်လို နေမလဲလို့ပေါ့.........။

စ လယ် ဆုံး သုံးပါးလုံးတော့ မင်းသိဖို့ လိုလာပြီ။

ကိုရီးယားကားလို အလယ် က ဖြတ်ကြည့် ပြီး ငါဗီလိန် လို့ မင်းမပြောပါနဲ့..


ဓားကိုင်ထားတိုင်း လူသတ်သမားတဲ့လား..

အသေးစား ခွဲစိပ်မှု အတွက် ငါ အလုပ်ရှုပ်နေတာပါ။


အိပ်ဆေး ဆို ပြီး သောက်သေရ မှာကြောက်သလား

နှာစေးပျောက်ရုံ သက်သက်ပဲ ငါ့ ကိုသုံးပေါ့။


ဒီညီမျှခြင်းရဲ့ နှစ်ဖက်မှာ နားလည်မှု ကို ထပ်ပေါင်းထည့်ပေးပါ..

ငါမညာဘူး လို့ နင်သိမယ်။


အချစ်မရှိဘူး လို့ ငါ့ ကို နင် မနေ့က စွပ်စွဲတယ်

အဲဒီ့မတိုင်ခင် တစ်နေ့ က နင့် အတွက် ငါသွေးလှူခဲ့ပါတယ်..


ပေးတတ်တာလည်း ဒီလောက်ပဲ..

မသိတတ်တာလည်း ဒီတစ်ယောက်ပဲ..

အတည်ပေါက်နဲ့..တစ်ချီလောက်တော့ ထားခဲ့ချင်တယ်

နောက်ဆုံး တစ်ခွန်း.......

`ဒီတစ်ခေါက်တော့ ဆင်ခြင်ပါ။´

ငါသိပ်လှနေတဲ့ ည ပေါ့..
သေချာခြင်းနဲ့ ရင်တွေခုန်
ကိုယ့် ကံကိုယ် လည်း မယုံရဲပါဘူး..


ဆို ငို ပြော ..အလွမ်းအဆွေးနဲ့ အသော မှာ
အားလုံးရဲ့ အပြောအရ
ဩော ချရအောင် သတင်းကြီး..
ငါ က မင်းသမီးလေ..

ဆိုတော့ ကာ ...
အကုန်လုံးရဲ့ ထင်ကြေးအရ ..
ဒီနှစ်မှာတစ် ပြေး.အကယ်ဒမီလေးတော့ ရလောက်တယ်

ချစ်သူမောင်ရေ..
နင့် ရင်ထဲ က ရွှေစင်ရုပ်ဟာ ငါ့ အတွက်ဟုတ်ရဲ့လား
ဘေးနားမှာ ဂျာနယ်သမားတွေ ၀ိုင်း ..လို့..

အားလုံးကို ပြုံးပြုံးလေးတုံ့ပြန်..
သဇင်တွေပန်ထားတာ လည်းဝေနေပြီ..


...
တိတ်...
ဟော..နားထောင်ကြပါ
ကြေညာလိုက်တဲ့ အခါ..............

ကျွန်မနာမည်ဆိုတာ ဘယ်မှာလဲ..
အကယ်ဒမီကို လွဲပါသတဲ့..။

ဒါပေမယ့် လည်း မင်းသမီး
မျက်နှာကို ပြုံးဖြီးလို့ အမုန်းမကြီးကြောင်းကို..ဟန်ဆောင်ပြ
ရွှေစင်ရုပ်ကိုလည်း ပြန်လှောင်ရသေးတယ်..

ရင်ထဲမှာတော့ ဗလောင်ဆူ
ချစ်သူ ဆု ကို ဘယ်သူ မှ မယူကြပါနဲ့
ကျွန်မမှာ ရူးမတတ်..
အရုပ်လို ကြိုးပြတ်လို့..
မှတ်မှတ်ရရကြေကွဲ
လွဲချော်ခြင်းနဲ့မှ တည့်တည့်စူး
ဒီလိုနဲ့ အချစ်ဟာ ဦးကျိုးခဲ့ပေါ့..။
ကျွန်မသည်မြွေတစ်ကောင်ဖြစ်သည်။
အဆိပ်ရှိသလား မရှိသလား ကျွန်မ မသိသေးပါ။
ရှူးရှူးရှားရှားဒေါသဖြစ်တတ်သော ၊ တစ်ဖက်လူ ကို နာကျင်ခံစားရစေသော....လူတကာရွံမုန်းသော ကျွန်မ..သည် ဘာမြွေဖြစ်သနည်း။
သေချာတာကတော့ မြွေတွေ က သူတို့ ကို မထိသမျှ မသိသလိုနေတတ်ပါသည်။

အေးစက်စက်မျက်လုံးသေ နှင့်ကျွန်မသည် ချစ်သူ ကိုပျော်ရွှင်အောင် မလုပ်နိုင်သော မြေဖြစ်သည်။
ကဗျာ များဖတ်နေရရင် မလှုပ်နိုင်အောင် ငြိမ်နေသော ကျွန်မသည်အစာဝနေသောမြွေဖြစ်သည်။
လိမ်လည်မှု တစ်ခုခု ကို သိတာနှင့် ချက်ချင်းစိတ်ဆိုးသော ကျွန်မသည် ဒေါသကြီးသောမြွေ ဖြစ်သည်။



ချစ်တတ်သော မြွေရော မြင်ဖူးကြပါရဲ့လား။ မမြင်ဖူးလောက်ပါ...ဒီတော့ ကျွန်မသည်လည်း အသိအမှတ်ပြုခံရစရာ လမ်းမရှိပါ။ချစ်သူ ကို အလွန်သ၀န်တိုသော ကျွန်မသည် အငြိုးကြီးသော မြွေ လည်းဖြစ်လာနိုင်သည်လည်း မဟုတ်လား။

ချစ်သူ သည် ကျွန်မမေးသော မေးခွန်းတစ်ခုခု ကိုမဖြေနိုင်လျှင် မြွေပဲ ဟု ခေါင်းကုပ်ကာပြောတတ်ပါသည်။
ကျွန်မအပေါ် လိမ်လည်ထားသော ကိစ္စ ရှိနေလျှင်လည်းးအကြောင်းသိ သူငယ်ချင်း များ က မြွေဖမ်းပြန်ပြီလား ဟု သူ့ကိုမေးလေ့ ရှိပါသည်။
နောက်ဆုံးလမ်းခွဲတော့ ကျွန်မ ကို ချစ်ရတာ မြွေပွေး ကို ခါးပိုက် ပိုက်ထားရသလို ဖြစ်လို့ ဟု အကြောင်းပြပါသည်။

ဟုတ်ပါသည်။ကျွန်မသည် မြွေစစ်စစ် ဖြစ်ပါသည်။
ချစ်သူကို နားလည်မပေးသောမြွေ ..၊အရေခွံ တွေခဏခဏ လဲတတ်သောမြွေ။
ငါ့ ကို မထားခဲ့နဲ့နော်......ပြောလိုက်ကာမှ ချစ်သူ ကို တမင်ထားခဲ့သော မြွေ။
ကျွန်မ ကိုယ်တိုင်ပေါက်သတ်ခဲ့ သူ သည် ကျွန်မရဲ့ ချစ်သူ စစ်စစ် ဖြစ်နေပါသည်။
ဒီလိုဆို အလမ္မါယ်ဆရာကိုပေါက်သတ်သောမြွေလည်းဖြစ်သည်ပေါ့..။
ဟုတ်သည်။ သူ သင်ပေးသော ချစ်ခြင်းကကွက်တွေ..ညှို့ချက်တွေ။
သူ့လက်မှာ ယဉ်ပါးခဲ့သော မြွေ။
လိမ္မာသော မြွေ။သခင့် အပါးက ရိုကျိုးသောမြွေ။
ဒီလိုမြွေလည်း ဖြစ်ခဲ့ ဖူးပါသည်။


အခုတော့ ကျွန်မရဲ့ အဆိပ်တွေနဲ့ အတူ သူမေ့မြောနေခဲ့ပြီ။
ဝေဒနာ အလူးအလဲနဲ့ အဆိပ်မူးနေပြီ။
အဆိပ်ကိုဘာနဲ့ ဖြေရသလဲ။အဆိပ်ကို အဆိပ်နှင့် ပဲဖြေရပါသည်တဲ့။


ဟော အခုတော့
ကျွန်မသည် ကိုယ့်လျှာကိုယ်ပြန်ကိုက်ပြီး ကိုယ့် ကို ကိုယ် သတ်သေဖို့ ကြိုးစားနေသောမြွေ ဖြစ်နေပြန်ပါပြီ။
ကျွန်မ ကိုယ်က အဆိပ် သည် ချစ်သူ အတွက်ဖြစ်စေ။
ကျွန်မ ကိုယ်က အဆိပ်သည်ချစ်သူ အသက် ကို ရှင်စေ။..................................................
..........................................................................................................................................


မျက်ဝန်းထဲမှာ အလင်းရောင်တွေမှုန်သီနေတုန်း ဒီအခိုက်အတန့်လေးမှာ ကျွန်မ ဘာမြွေလဲ..သိလိုက်ရပြီ....။


ကျွန်မသည် အငြိုးကြီးသော မြွေ..။
အဆိပ်ပြင်းသောမြွေ.။ဒေါသကြီးသောမြွေ ..ဒါတွေမှန်သည်။
ဒါပေမယ့်တစ်သက်လုံးတွင် ကျွန်မသည်.ကိုယ့် ချစ်သူ အတွက် ဆို ရန်သူမှန်သမျှကို သူ့ ကိုယ်စား လက်စားလိုက်ခြေရင်း အသေခံတတ်သော ..ငန်းတော်ကျား..တစ်ကောင် ဖြစ်နေသည်ကို သူအားမပြောပြဖူးကြောင်း သတိရလိုက်မိသည့် အချိန်သည်........။

.....................................................................................................................................................................................
ကျွန်မသည် ..မြွေပဲဖြစ်နေပြန်ပါသည်.။မြွေတစ်ကောင်၏မှတ်တမ်းတွင် ပေးဆပ်မှု ဆိုသော မှတ်ချက်သည် အလွန်ယုံရန်ခက်၍လား။အငြိုးနှင့် အဆိပ် အတွက်ပေးလျော်ရသော ကြေး က အရမ်းများ ၍လား။ကိုယ့်လျှာကိုယ်ပြန် ကိုက်လိုက်ခြင်းဖြင့် လည်း အပြစ်က မကျေအေးခဲ့ပါ..။

ဘာပဲ ဖြစ်ဖြစ် သူ့ ကို တော့ ကျွန်မ မရှိသည့်နောက်ပိုင်းတွင် နောက်ထပ် ကျွန်မမဟုတ်သော အခြားမြွေမလေးများဖြင့် အလမ္မါယ် မကစားစေချင်သည်ကတော့ မြွေတစ်ကောင်၏နောက်ဆုံးအတ္တ ဖြစ်လိမ့် မည်...ဟု ထင်ပါသည်။